close

ထိုင်းမှ မြန်မာပို့ကုန်တင်ပို့မှု ဘတ်ငွေ ၉၆ ဒသမ ၅ ဘီလီယံထိ ကျဆင်းမည်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပို့ကုန်တင်ပို့မှု ဟာ ဒီနှစ် ထိုင်းဘတ်ငွေ ဘီလီယံ ၆၀ ကနေ ၉၆ ဒသမ ၅ ဘီလီယံလောက်ထိ ကျဆင်းမယ်လို့ ခန့်မှန်းထားကြောင်း ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးတက္ကသိုလ် (UTCC) ရဲ့ နောက်ဆုံးပေါ် လေ့လာချက်တွေက ပြဆိုနေပါတယ်။ 

မြန်မာစစ်တပ် အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံနဲ့ အာဆီယံတို့ရဲ့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုတွေအကြောင်း လေ့လာချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုအပြီး ရက်ပေါင်း ၁၀၀ မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ပထမသုံးလပတ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မနှစ်က အလားတူကာလမှာ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကို ပြနေတယ်လို့ UTCC ရှိ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလေ့လာရေးဌာန ဒါရိုက်တာ အတ်ပိဆန်ဝမ်နစ် ကပြောကြားခဲ့ တာပါ။ 

ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လည်း ဆုံးရှုံးရပြီး အလုပ်လက်မဲ့ဦးရေ ၆ သိန်းလောက် ဖြစ်သွားပါတယ်။ 

စစ်တပ်က အင်အားသုံးပြီး အစိုးရကို ဖြုတ်ချမှုကြောင့် နိုင်ငံခြားငွေလဲလှယ်မှု ၁၈ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိပြီး အိမ်ထောင်စုဝင်ငွေ ၈၃ ရာခိုင်နှုန်း ကျဆင်းသွားတာကိုလည်း တွေ့ရှိထားပါတယ်။ 

ဒါရိုက်တာ အတ်ရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံရဲ့ FDI နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အဓိကအားဖြင့် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ အိမ်ခြံမြေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုဇုန်ကဏ္ဍတွေမှာ ဒီနှစ်အတွက် ၇၆ ဒသမ ၁ ရာခိုင်နှုန်းမှ ၈၅ ဒသမ ၄ ရာခိုင်နှုန်းလောက်ကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို ရွှေ့ပြောင်းမယ်လို့ အကြီးအကျယ် မျှော်မှန်းထားကြပါတယ်။

 လေ့လာမှုအရ မြန်မာကို export တင်ပို့မှု အများဆုံးကျဆင်းမယ်လို့ မြင်တွေ့ရဖို့ ခန့်မှန်းရတဲ့နိုင်ငံဟာ တရုတ်ဖြစ်ပြီး အဲဒီနောက်မှာမှ အာဆီယံနိုင်ငံတွေ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ အသီးသီးရှိကြတယ်လို့ တွေ့ရပါတယ်။

 အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ထိုင်း၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဟာ တင်ပို့မှု ကျဆင်းတာကြောင့် အကြီးအကျယ် ထိုးနှက်ခံရလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

UTCC လေ့လာချက်အရ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံကို တင်ပို့မှု တိုးတက်မှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အဆက်မပြတ် ကျဆင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up