စစ်အာဏာရှင်လက်ထက် ရွှေကူမြို့နယ်တွင် ကျွန်းပင်များကို အကြီးအကျယ် ခုတ်ယူနေ


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေး-ဗန်းမော်ဗျူဟာလမ်းမကြီးဘေးက ကျွန်းပင်ကြီးတွေကို အကြီးအကျယ် ခုတ်ယူတာတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အရင်က ရွှေကူမှာ သစ်ခိုးထုတ်တာတွေ ရှိပေမဲ့ အခုကာလမှာ မိန်းလမ်းမကြီးဘေးအထိ ခုတ်ယူနေတာတွေဟာ မြင်လို့ မကောင်းလောက်လောက်အောင်ပဲရှိနေပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"အခြေအနေက တော်တော်ဆိုးနေပြီရှင့်၊ ဗျူဟာလမ်းမကြီးဘေးဝဲယာက လက်ကျန် ကျွန်းပင်တွေ အကုန်ခုတ်ယူကုန်ကြပြီ။ တချို့ဆို လမ်းဘေးမှာတင် ချိန်းစော နဲ့ ငါးပတ်လည် ၃ ပေတို တရုတ်ဆိုဒ်တွေ ခွဲနေကြတာ။ တကယ့်တရားဝင်လိုင်စင်နဲ့ လုပ်နေကြသလားလို့ တောင်ထင်ရတယ်။ အခုလို စည်းကမ်းမဲ့ ခုတ်ပစ်ကြတော့ ကုန်ပြီပေါ့၊ ရာသီဥတုက ပိုဆိုးလာဖို့ပဲ ရှိတော့တယ်"လို့ ဒေသခံက ပြောပါတယ်။
အခုလို သစ်ခိုးခုတ်မှုတွေကြောင့် လမ်းဘေးမှာ သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ ၊ မီးတိုင်တွေ မကြာခဏ ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး အချိန်မီ မထိန်းသိမ်းပါက ပိုဆိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် တရားမဝင် သစ်မှောင် ခို သယ်ယူတာတွေ သိသိသာသာများပြားလာတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။