close

ဖမ်းဆီးခံ ရခိုင်ကျောင်းသား ၄ ဦးအမှု လိုပြသက်သေမလာသဖြင့် ထပ်မံရုံးချိန်း

ဖမ်းဆီးတရားစွဲဆို ခံနေရတဲ့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား  ၄ ယောက်ကို  မေလ ၃၁ ရက်က  စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတွေ ရောက်မလာလို့ အမှုကိုမစစ်ဆေးနိုင်ပဲ ထပ်မံရုံးချိန်းလိုက်ရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့တုန်းက စစ်တပ်ရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး   အဆိုပါကျောင်းသား ၄ ယောက်က ဆန္ဒပြခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ဖမ်းဆီးတရားစွဲခံနေရတာပါ။

သူတို့ကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ ၈ လဝန်းကျင်ရှိလာပြီဖြစ်ကာ လက်ရှိကျောင်းတွေလည်း ပြန်ဖွင့်လှစ်လာနေပြီး ကျောင်းတက်ရမယ့်အချိန်မှာ  အခုလိုကျောင်းသားတွေကို ဖမ်းဆီးတရားစွဲဆို အကျဉ်းထောင်ထဲကို ထည့်ထားတာဟာမဖြစ်သင့်ဘူးလို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်ပဆက်သွယ်ရေး တာဝန်ခံ ကိုကျော်ဝင်းထွန်းက ပြောပါတယ်။

“ကျောင်းသားတွေ ထောင်ထဲရောက်နေတာဟာ အခုဆိုရင် ၈ လနီးပါးတောင်ရှိလာပြီပေါ့၊ အခုဆိုရင်လည်း ကျောင်းတွေ ဘာတွေဖွင့်ပြီဆိုတော့ ကျောင်းသားတွေက စာသင်ခန်းထဲကို မရောက်နိုင်ဘဲ ထောင်ထဲက သံတိုင်တွေကြားထဲကို ရောက်နေရတဲ့အခြေအနေပေါ့၊ ဒါကတော့ ကျောင်းသားထုတွေအတွက်ရော၊ သူတို့အတွက်ပါ နစ်နာတဲ့ကိစ္စတစ်ခုလို့ပဲ မြင်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ၂၀၂၀ အောက်တိုဘာ ၁၉ ရက်နေ့က  စစ်တွေမြို့တွင်း လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်း(ဒဂုံတက္ကသိုလ်)နဲ့ ကိုမြတ်စိုးဝင်း(တွဲဖက်အတွင်းရေးမှူး၊ ကျောက်ဖြူပညာရေးကောလိပ်)တို့ ၄ ဦးကို ဖမ်းဆီးခဲ့ပြီးစစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

အဆိုပါကျောင်းသား ၄ ဦးထဲက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်ပါ နှစ်ဦးနဲ့ ကိုတိုးတိုးအောင် တို့ဟာ ၂၀၂၀ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ အလားတူ ဆန္ဒဖော်ထုတ်မှုကြောင့်  ငြိမ်းစုစီဥပဒေပုဒ်မ ၁၉နဲ့ တရားစွဲဆိုခံခဲ့ရကာ မေလ ၆ ရက်နေ့မှာ ငွေဒဏ်ချမှတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)နဲ့ရော၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၉နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတဲ့ ကိုကျော်နိုင်ဌေးပါ ၄ ဦးကို  စစ်တွေအကျဉ်းထောင်မှာ  ထိန်းသိမ်းထားတာပါ။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို မနေ့က ရုံးထုတ်ရာမှာ တရားလိုပြ သက်သေတွေ မရောက်လို့ မစစ်ဖြစ်ခဲ့ဘဲ  ဇွန်လ ၁၁ ရက်နေ့ကို ပြန်ချိန်းထားပါတယ်။

ကျောင်းသားတွေကို ဖမ်းဆီးတာဟာ ၈ လဝန်းကျင်ရှိနေပြီ ဖြစ်ပေမဲ့ တရားလိုပြသက်သေတွေ မလာလို့ အမှုမှာကြန့်ကြာနေပြီး ဖမ်းဆီးခံနေရတဲ့ကျောင်းသားတွေမှာ များစွာနစ်နာနေရတယ်လို့  ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up