close

မတ္တရာမြို့နယ်၌ စစ်တပ်က ပြည်သူပိုင် ငွေကြေးပစ္စည်းနှင့် ပရဟိတကားများကို လုယက်ယူသွား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာမှာ ဇွန် ၉ ရက် မနက် ၁ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ကား ၄ စီးနဲ့ လာရောက်ပြီး ငွေကြေးချမ်းသာတဲ့ နေအိမ်တွေကို ဝင်ရောက်ကာ ပရဟိတကားတွေအပါအဝင် ငွေကြေးပစ္စည်းတွေ လုယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဈေးဆိုင်ကြီးတွေထဲ ရိုက်ချိုးဝင်ပြီး ငွေကြေးနဲ့ တန်ဖိုးရှိပစ္စည်းတွေအပြင် အသုံးအဆောင် ပစ္စည်းတွေ၊ စားစရာတွေ (နို့ဆီဘူး၊ နို့စိမ်းဘူး၊ အချိုရည်ဘူးပါမကျန်) တွေ့သမျှ ယူသွားကြတယ်။ ရွာအရှေ့ပိုင်းက ဈေးဆိုင်အိမ်က ကား၊ ဆိုင်ကယ်အပြင် ဈေးအံဆွဲဖွင့်ပြီး ဖုန်းဘေလ်ကတ်နဲ့ ဈေးရောင်းရငွေအားလုံးလည်း ယူသွားတယ်။ ရွာအလယ် ဆန်စက်အိမ်က ကားတစ်စီး ပါသွားတယ်။ ရွာအနောက်ပိုင်း အိမ်တစ်အိမ်က တံခါးတွေ ရိုက်ချိုးဖွင့်ပြီး ပိုက်ဆံ သုံးသိန်းခွဲ ယူသွားတယ်။ ရွှေကင်း ပရဟိတအသင်းက လူနာတင်ယာဉ်တစ်စီးကိုပါ ယူသွားတယ်။ ရပ်မိရပ်ဖ သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အိမ်စီးကား နှစ်စီးနဲ့ ပရဟိတကားတစ်စီး ကား စီးပါသွားပြီး စားသောက်ကုန်နဲ့ ငွေတွေယူသွားကြပြီး မနက် ၃ နာရီလောက်မှာ ပြန်သွားကြတယ်” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ကင်းရွာက အပြန်မှာ မတ္တရာမြို့နယ် လမိုင်းအုပ်စု ကျောက်တံတားကျေးရွာထဲ ဝင်ပြီး အန်အယ်လ်ဒီပါတီ ရပ်ကျေးအဖွဲ့ဝင် ဦးချိန်ထွန်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up