ထိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး သေဆုံးခဲ့မှုနှင့် ကာကွယ်ဆေး ဆက်စပ်မှု ရှိ၊ မရှိစစ်ဆေး

ထိုင်းနိုင်ငံမှာ အမျိုးသမီးတယောက်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားခဲ့ပြီး ခုလိုသေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ဆက်စပ်မှုရှိ၊ မရှိကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်။
သေဆုံးသူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးဟာ ဇွန် ၈ ရက်က ထိုင်းစီးပွားရေး စီမံခန့်ခွဲမှုနည်းပညာကောလိပ်မှာ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့တာ ဖြစ်ပြီး အဲဒီနေ့ ညပိုင်းမှာပဲ နေအိမ်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့က ကာကွယ်ဆေးထိုးပြီးနောက် နေအိမ်ကို ရောက်ရှိခဲ့ပြီးချိန်မှာ ခေါင်းကိုက်ပြီး မောပန်းနွမ်းနယ်နေခဲ့ကြောင်း၊ ညနေ ၆ နာရီလောက်မှာတော့ ပါရာစီတမောလ် ၂ လုံး သောက်ခဲ့ကြောင်း၊ ဆက်လက်ပြီးတော့ ကိုက်ခဲနေတာကြောင့် ည ၁၀ နာရီလောက်မှာ ဆေးထပ်သောက်ခဲ့ပြီး ၁၅ မိနစ်လောက်အကြာမှာတော့ ချောင်းဆက်တိုက်ဆိုးခဲ့ကြောင်း၊ အရေးပေါ် လူနာတင်ကားကို ခေါ်ခဲ့ပေမယ့် အချိန်မီ ရောက်မလာခဲ့ပဲ နေအိမ်မှာ သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူ အမျိုးသမီးရဲ့ တူမဖြစ်သူက ပြောပါတယ်။
လတ်တလောမှာတော့ သေဆုံးသူရဲ့ အလောင်းကို ဘူမိဘောအဒူလျာဒက်ဂျ် ဆေးရုံကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သိန်း ၈ သောင်းကျော်နဲ့ အာဆီယံဒေသတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေပါတယ်။