မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားစိုးရိမ်စရာကောင်းနေဟု အမေရိကန်ပြော

စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိုမိုနက်ရှိုင်းစွာ စိုးရိမ်စရာကောင်းပြီး ပိုမိုဆိုးရွားနေကြောင်းနဲ့ ဖြစ်နိုင်သမျှ အခင်းအကျင်းတွေအားလုံးကို စောင့်ကြည့်နေတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသရေးရာ မူဝါဒ ညှိနှိုင်းရေးမှူး ကာ့တ်ကမ်းဘဲလ်က ဇွန်လ ၈ ရက် နယူးအမေရိကန်လုံခြုံရေးစင်တာပညာရှင်အဖွဲ့က ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။
အကြမ်းဖက်မှုတွေ မြင့်တက်လာတာကိုတော့ ငြင်းလို့မရဘူးလို့လည်း ဆိုပါတယ်။ မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့စီးပွားရေးအကျိုးစီးပွားတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ ဝါရှင်တန်အစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ရရှိစေမယ့် လုပ်ငန်းစဉ်ကို စတင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အာဆီယံရဲ့ အထူးသဖြင့် အင်ဒိုနီးရှား၊ စင်ကာပူနဲ့ တခြားနိုင်ငံတွေရဲ့ အားထုတ်ကြိုးပမ်းချက်တွေကို အားပေးထောက်ခံပြီး မြန်မာစစ်ဗိုလ်ချုပ်တွေကို သံတမန်ရေးပိုင်းအရ ဖယ်ကြဉ်ထားဖို့လည်း နိုင်ငံတွေကို တိုက်တွန်းထားတယ်လို့ ကမ်းဘဲလ်က ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ဟာ မြန်မာနိုင်ငံကို သီးခြားခွဲထားဖို့နဲ့ စစ်တပ် ခေါင်းဆောင်ကို ဆက်သွယ်လို့ရဖို့ နှစ်မျိုးလုံးအတွက် လိုအပ်တဲ့အဆင့်တွေကို ဆောင်ရွက်ဖို့ ပတ်ဝန်းကျင်ဒေသက တခြားနိုင်ငံတွေကို တောင်းဆိုထားတာ”။
အွန်လိုင်းဆွေးနွေးပွဲ မစခင်မှာ ဗုံးပေါက်ကွဲမှု သတင်းတွေကိုလည်းသတိပြုမိထားပြီး၊ အမေရိကန်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စိန်ခေါ်မှုတွေကိုသာ မြင်နေရရုံမက အညံ့မခံ အရှုံးမပေးတဲ့ ဒီမိုကရက်တစ်ဘက်မှာ ပိုပြီး စနစ်တကျဖွဲ့စည်းပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာမှုတွေကိုလည်း တွေ့နေရပါတယ်လို့ ကမ်းဘဲလ်က ပြောပါတယ်။
မြန်မာနိုင်ငံ ပြိုလဲသွားနိုင်ခြေရှိလား ဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ ပြည်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျမသွားစေဖို့က ခက်ခဲပြီး အနေအထားကလည်း ပိုဆိုးလာတယ် လို့ ဆိုပါတယ်။
မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်တွင်းက ဆူပူအုံကြွမှု ပမာဏကို ကြိုမတွက်ထားမိဘူးလို့ စစ်တပ်ပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ အင်တာဗျူးတခုမှာ ဝန်ခံပြောဆိုထားတယ်လို့ ကမ်းဘဲလ်က မှတ်ချက်ပေးပါတယ်။
သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်တဲ့ ကမ်းဘဲလ်ဟာ လက်ရှိ ဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီမှာ အကြီးဆုံးအဖွဲ့ကို လက်ရှိဦးဆောင်နေသူ ဖြစ်ပါတယ်။
Photo- AFP