ပါကစ္စတန်တွင် ဘတ်စ်ကားမြောင်းထဲထိုးကျပြီး ဘာသာရေးပွဲတော်ပြန် ၂၀ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးပွဲတော်ကနေ ပြန်လာကြတဲ့ လူအပြည့်အသိပ် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ ဇွန် ၁၁ ရက်က ရေမြောင်းထဲထိုးကျသွားလို့ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ ဆေးရုံဆရာဝန်တစ်ဦးက ပြောပါတယ်။
ပါကစ္စတန်အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်၊ ခုဇ်ဒါခရိုင်ကာ့ခ်ဒေသမှာ ဘတ်စ်ကားဟာ မနက်စောစောမှာ လမ်းချော်ပြီး ရေမြောင်းထဲကို ယိမ်းထိုးကျသွားတာ ဖြစ်ပါတယ်။
ခရီးသည်တွေဟာ ခူဇ်ဒါကနေ ဝါဒ်ကာ့ခ်က သူတော်စင်နတ်ကွန်းကိုသွားပူဇော်ပြီး ပြန်လာတာညအချိန်ဖြစ်နေပြီလို့ အသက်ရှင်သူ တစ်ယောက်က ပြောပြပါတယ်။
ကားပေါ်မှာ လူ အယောက် ၇၀-၈၀ လောက် လိုက်ပါလာတာဖြစ်ပြီး သေဆုံးသူအများစုဟာ ကားခေါင်မိုးပေါ်ကနေ လိုက်စီးလာသူတွေ ဖြစ်ပါတယ်။
ဘေးဒုက္ခကြုံရသူတွေဟာ ဒေသခံမွတ်ဆလင်သူတော်စင်ကို ပူဇော်တဲ့ ဘာသာရေးပွဲကို သွားတက်ရောက်ပြီး ပြန်လာကြတဲ့ ဆင်းန်ဒ်ပြည်နယ်က ဘုရားဖူးတွေဖြစ်ပြီး သေဆုံးသူ အားလုံးဟာ အမျိုးသားတွေချည်းသာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
ပါကစ္စတန်မှာ ကားလမ်းနဲ့ မီးရထားလမ်းတွေ မကောင်းလို့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။