close

ကြည့်မြင်တိုင်သပိတ်ကို စစ်တပ်က ကားဖြင့်တိုက်အကြမ်းဖက်ဖြိုခွဲ၊ လူငယ် ၄ ဦး ဖမ်းဆီးခံရ

ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက် အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လူငယ် ၄ ယောက်ကို ဖမ်းဆီးသွားပေမဲ့ နောက်ရက်တွေမှာလည်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ရန်ကုန်မြို့ခံ လူငယ်တွေက ပြောပါတယ်။

ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်မှာ ဇွန်လ ၁၅ ရက် ဒီနေ့မနက် ၈ နာရီခွဲမှာစတင်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက် အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။

သပိတ်စစ်ကြောင်းမှာ လူငယ် ၈၀ လောက်ပါဝင်ခဲ့တဲ့အထဲ  မိန်းကလေးငယ် ၂ ယောက်နဲ့  ယောကျ်ားလေး ၂ ယောက်  စုစုပေါင်းလူငယ်လေးယောက် အဖမ်းခံခဲ့ရပါတယ်။

ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းကို စတင်ဖြိုခွင်းရာမှာ စစ်ကောင်စီတပ်တွေက Double Cab တစ်စီး လူအင်အား ၇ ယောက်လောက်နဲ့  စတင်ဖြိုခွင်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်ထပ်ရောက်လာတယ်လို့ ကြည့်မြင်တိုင်သပိတ်ဦးဆောင်လူငယ် တစ်ဦးက ပြောပါတယ်။

ကြည့်မြင်တိုင်သပိတ်ကို ကားနဲ့တိုက်အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့် ဆန္ဒပြလူငယ်တွေ ကြီးကြီးမားမားထိခိုက်ဒဏ် ရာရတာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။

ဒီနေ့မနက် ကြည့်မြင်တိုင်သပိတ်ဟာ လမ်းကြောင်းစစချင်း စက္ကန့်ပိုင်းအတွင်းမှာ ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး အတွင်းသတင်းပေါက်ကြားတာကြောင့်ဖြစ်နိုင်သလို ဒလန်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် နောက်ရက်တွေမှာသပိတ်ကိုရှေ့ဆက်နိုင်ဖို့ အဖွဲ့ထဲမှာ ဒလန်ရှိမရှိ သေချာပြန်စစ်မယ်လို့ သပိတ်ဦးဆောင် လူငယ်တွေကပြောပါတယ်။ 

ရန်ကုန်မြို့မှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့နောက်ပိုင်း လူငယ်တွေဟာ ပြောက်ကျားပုံစံနဲ့ သပိတ်တွေကို ဆက်လက်ဆင်နွှဲနေတာဖြစ်ပါတယ်။  ဒီလိုဆောင်ရွက် ရတာဟာ မတရားမှုကိုတော်လှန်နေတဲ့လူငယ်တွေ မြန်မာပြည်မှာရှိနေတာကို ကမ္ဘာက သိစေချင်တာကြောင့် ဖြစ်တယ်လို့ လူငယ်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up