နေတိုးခေါင်းဆောင်များအတွက် အကြီးဆုံးစိန်ခေါ်မှု ရုရှားဖြစ်ဟု ဂျာမန်အဓိပတိ ပြော

နေတိုး မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေအတွက် ရုရှားဟာ အကြီးဆုံးစိန်ခေါ်မှုတွေထဲကတခုဖြစ်နေတယ်လို့ ဂျာမန်အဓိပတိ အိန်ဂျလာ မာကယ်က ဇွန်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
မာကယ်က “ဒီကနေ့မှာ လုံခြုံရေးအခြေအနေ အပြောင်းအလဲနဲ့ပတ်သက်ပြီး အကြိမ်ရေ အတော်များများ ရည်ညွှန်းပြောဆိုခဲ့တယ်။ ရုရှားဟာ နေတိုးကို မဟာမိတ်အနေနဲ့ မရှုမြင်ဘဲ ပြိုင်ဘက်အနေနဲ့ ရှုမြင်နေတယ်လို့ ဒီကနေ့ ဒီရောက်နေတဲ့ ကိုယ်စားလှယ်တွေက ပြောနေတယ်။ ဒါဟာ စစ်အေးတိုက်ပွဲ အဆုံးသတ်အပြီး နှစ် ၂၀ အကြာမှာ အင်မတန် ဝမ်းနည်းစရာပဲ”လို့ ပြောပါတယ်။
နေတိုးဟာ တရုတ်ကို လျှော့လည်းမတွက်၊ ပိုလည်းမတွက်ဘဲ တရုတ်ကို ကိုင်တွယ်ရာမှာ မှန်မှန်ကန်ကန် ဟန်ချက်ကိုရှာဖို့ လိုတယ်လို့လည်း မာကယ်က ထိပ်သီးညီလာခံ အပြီးမှာ ပြောပါတယ်။
“တကယ်လို့ ရုရှားနဲ့ တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုကို ကြည့်မယ်ဆိုရင် ရှင်တို့ တရုတ်ကို လျစ်လျူရှုထားလို့ မရဘူး။ ဒါပေမဲ့ ကျမတို့ မှန်ကန်တဲ့ ဟန်ချက်ကို ရှာဖို့ လိုတယ်”လို့ မာကယ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲနောက်ပိုင်း ဥရောပသမဂ္ဂနဲ့ အမေရိကန်ကြား ဆွေးနွေးပွဲရလဒ်ကို ကျေနပ်ကြောင်း မာကယ်က ထပ်လောင်းပြောဆိုပါတယ်။