ကိုဗစ်တတိယလှိုင်းကာလ ထိုင်းကျေးလက်စာသင်ကျောင်းမှ သူရဲကောင်းဆရာမများ (ဓာတ်ပုံ)




ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ စာသင်ကျောင်းတချို့ကို ပိတ်ထားရဆဲဖြစ်ပြီး ဒီအခြေအနေမှာ ကလေးတွေ ပညာရေးအတွက် နည်းလမ်းတမျိုးနဲ့ ကြိုးစားသင်ကြားပေးနေကြတဲ့ ကျေးလက်ကျောင်းတကျောင်းက ဆရာ၊ ဆရာမတွေကို ပြည်သူတွေက သူရဲကောင်းတွေအဖြစ် ချီးကျူးနေကြပါတယ်။
ထိုင်းပညာရေးဝန်ကြီးက စာသင်ကျောင်းအများစုကို ဇွန် ၁၄ ရက်ကစတင် ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့် တချို့ကျောင်းတွေကတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ အွန်လိုင်း စနစ်နဲ့သာ ဆက်လက်ပြီးတော့ သင်ကြားဖို့ ထုတ်ပြန်ထားခဲ့တာပါ။
ထိုင်းနိုင်ငံတဝန်း နေ့စဉ် ထောင်ချီကူးစက်မှုတွေကြား အွန်လိုင်းက စာသင်ကြားနိုင်ရေးအတွက် ကျောင်းတွေအနေနဲ့ ပုံစံအမျိုးမျိုးနဲ့ သင်ကြားမှု၊ သင်ယူမှုတွေကို လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။
ခုလတ်တလော အင်တာနက်လူမှုကွန်ရက်ပေါ် နာမည်ကြီးနေတဲ့ စာသင်ကျောင်းကတော့ ဆီဆာခက်ဒေသတွင်းမှာ တည်ရှိနေပြီး စာသင်ကျောင်းကို ပိတ်ထားပေမယ့် ကျောင်းသားတွေရှိရာ ကျေးရွာတွေမှာ အိမ်စာစစ်ဆေးရေးစင်တာတွေ စနစ်တကျထားရှိ သင်ကြားနေတာ ဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေက နှာခေါင်းစည်း Mask တွေတပ်ဆင်ကာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး သင်ကြားစစ်မေးနေတဲ့ ပုံရိပ်တွေ၊ အိမ်စာ စစ်ဆေးရေးစင်တာမှာလည်း ကျောင်းသား ကလေးငယ်တွေကို နှာခေါင်းစည်း Mask တပ်ဆင်စေတာအပြင် တယောက်နဲ့တယောက် နီးနီးကပ်ကပ် မထိုင်စေပဲ လူမှုအလှမ်းခွာ စည်းကမ်းနဲ့အညီ ပြင်ဆင်ထားတဲ့ ပုံရိပ်တွေကို ရေဒီယိုဆီဆာခက်အမည်နဲ့ ဖေ့စ်ဘွတ်ခ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အားလုံးက ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး ပြန်လည်မျှဝေနေတာ ဖြစ်ပါတယ်။