ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံတွင် အရေးပေါ်ကာလ ၂ လ ထပ်မံတိုးမြှင့်

တတိယလှိုင်း ကူးစက်ခံထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် အရေးပေါ် ကာလကို ၂ လ ထပ်မံတိုးမြှင့်လိုက်ကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာ ပါဝင်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံ ခန့်ခွဲရေးဗဟို(စီစီအက်စ်အေ)အစည်းအဝေးမှာ ခုလိုဆုံးဖြတ်လိုက်တာဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ ရက်အထိ ၂ လထပ်မံတိုးမြှင့်လိုက်တာပါ။
ထိုင်းနိုင်ငံတဝန်း အများပြည်သူ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်တွေကိုတော့ လာမယ့် ဇွန် ၇ ရက်မှာ စတင်မှာဖြစ်တယ်လို့ စီစီအက်စ်အေ ပြောခွင့်ရပုဂ္ဂိုလ် ထဝီဆင် ဗီ ဆနူရိုသင်က အတည်ပြုပြောဆိုပါတယ်။
“ပြည်သူတဦးတယောက်မှ (ကာကွယ်ဆေးထိုးနှံရေးမှာ) ကျန်မနေခဲ့စေဖို့ ဝန်ကြီးချုပ်ကလည်း အလေးအနက် တိုက်တွန်းထားပါတယ်”လို့ သူက ပြောပါတယ်။
တချိန်တည်းမှာပဲ ထိုင်းပါလီမန် ၀န်ထမ်းတွေနဲ့ ဥပဒေပြုအမတ်တွေအတွက် ကာကွယ်ဆေး ၂၀၀၀ ကို ခွဲတမ်းချထားနိုင်ရေးအတွက်လည်း အတည်ပြုနိုင်ခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၃,၀၆၆ ယောက်နဲ့ သေဆုံးသူ ၇၃၅ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။