မြန်မာတွင် လူ့အခွင့်အရေး ယိုယွင်းကျဆင်းလာမှုအပေါ် ကုလအဖွဲ့အစည်းများ စိုးရိမ်ထိတ်လန့်

မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ လျင်မြန်စွာ ယိုယွင်းကျဆင်းလာတာကြောင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အထိတ်တလန့်နဲ့ စိုးရိမ်ပူပန်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဖြစ်ရပ်တခုကတော့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူ ၂၅ ယောက်ရဲ့ ရုပ်ကြွင်းတွေ မြှုပ်နှံထားတဲ့ နေရာ ၂ ခုကို တွေ့ရှိရတာဖြစ်ပြီး သူတို့ဟာ ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့(KNDO)မှ မေ ၃၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဖြစ်ရပ်တခုကတော့ ဇွန် ၁၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေဟာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ထဲက ကင်းမရွာမှာ လူနေအိမ် ခြေပေါင်း ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၁,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လက်ရှိအကျပ်အတည်းမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ စံချိန်စံညွှန်းတွေကို လေးစားလိုက်ကြဖို့လည်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ထပ်လောင်းတိုက်တွန်းကြောင်း ဖော်ပြထားတာပါ။
နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာမှုလို့ ဆိုရာမှာ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုတွေအတွင်း အရပ်သားတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ထိခိုက်မှုတွေ နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့် တာဝန်နဲ့ ရပ်ရွာလူထုတွေ၊ မိသားစုတွေ၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေအပေါ် သိမ်းကျုံးရောနှော အပြစ်ပေးတာကို တားမြစ်ဖို့ တာဝန်တွေကို စောင့်ထိန်းတာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအပါအဝင် တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့လည်း မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့တွေက တိုက်တွန်းကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။