ဂါဇာဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ကို ဇွန် ၁၆ ရက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။
အရင်လက ၁၁ ရက်ကြာ နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်မှုအပြီး ပထမဆုံး ထပ် ပစ်ခတ်လိုက်တာပါ။
ပါလက်စတိုင်း နယ်မြေထဲကနေ မီးလောင်ဗုံး တပ်ထားတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်ပြီး အစ္စရေး လယ်မြေတွေကို မီးတင်ရှို့မှုအတွက် လက်တုံ့ပြန်လိုက်တာလို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
ဒါဟာ ဇွန် ၁၅ ရက်က ဂျူးအမျိုးသားရေးဝါဒီတွေ အရှေ့ ဂျေရုဆလင်မှာ ချီတက်အပြီး အစ္စရေး အစိုးရသစ်ကို ပထမဆုံး စမ်းသပ်ချက်လည်း ဖြစ်ခဲ့တာပါ။ ချီတက်ပွဲကြောင့် ဂါဇာကို အုပ်ချုပ်နေတဲ့ စစ်သွေးကြွ ဟားမတ်စ်တွေက ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ပါတယ်။
ဂါဇာနဲ့ တောင်ပိုင်းမြို့ ခန်းယောနစ်တို့က ဟားမတ်စ်တွေရဲ့ လက်နက် တပ်ဆင်ထားတဲ့ ခြံဝင်းတွေကို အစ္စရေးစစ်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂါဇာကနေ ပေါ်ထွက်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြန်တိုက်ဖို့ အပါအဝင် အနာဂတ် ဖြစ်နိုင်ချေ အားလုံးအတွက် အဆင်သင့်ပဲလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမတ်စ် ပြောခွင့်ရကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို အတည်ပြုပြီး ပါလက်စတိုင်းဟာ သူတို့ရဲ့ အခွင့်အရေးနဲ့ ဂျေရုဆလင်က မြင့်မြတ်တဲ့ နေရာတွေကို ဆက်ပြီး ရဲရဲရင့်ရင့် ခုခံကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်အသစ် နက်ဖ်တာနီ ဘန်းနက်ကလည်း အစ္စရေးအစိုးရဟာ အရင်တည်းက မီးလောင်ဗုံးတပ် မိုးပျံပူဖောင်းတွေကို သည်းခံ မနေခဲ့သင့်သလို တကယ်လို့ ဟားမတ်စ်တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရင် လက်စားချေရမယ်လို့ ပြောခဲ့ပါတယ်။