close

ပင်လုံတွင် စားဝတ်နေရေးအခက်အခဲကြောင့် ရင်သွေးငယ် ၄ ဦးအား ရောင်းချမှုဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာရိုးရာပွဲတစ်ခုမှာ ပြီးခဲ့တဲ့ အပတ်က ဆင်းရဲနွမ်းပါးလင်မယား ၂ ဦးက လူမမယ် ရင်သွေးငယ် ၄ ဦးကို လာရောက် ရောင်းချခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေ့က နောင်လိုင်ရွာမှာမြို့ရွာစောင့်နတ်ပူဇော်ပွဲကျင်းပစဉ် နားစမ့်ဆိုတဲ့တောင်ပေါ်ရွာက လာတဲ့ အသက် ၃၀ ကျော်ရွယ် လင်မယား ၂ ယောက်ဟာ စားဝတ်နေရေးခက်ခဲပြီး ကလေးတွေကို ဆက်မမွေးနိုင်တော့တဲ့အတွက် လိုချင်တဲ့သူတွေပေးမယ်၊ ရောင်းမယ်လို့ ပြောခဲ့ကြောင်း ပွဲခင်းရောက် ယိင်းခမ်းလှိုင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ပွဲခင်းထဲမှာ ကလေးလာရောင်းနေတယ်ဆိုလို့ ကျမလဲသွားကြည့်တာပေါ့၊ ကလေးက ၄ ယောက်။ ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၂ ယောက်။ အကြီးဆုံးယောက်ျားလေးက ၅ နှစ်ကျော်၊ ဒုတိယမိန်းကလေးက ၃ နှစ်၊ အငယ် ၂ ယောက်က ၁ နှစ် ၆ လ နဲ့ ၅ လရွယ်ပါ။ အငယ် ၂ ယောက်လုံး နို့စို့နေတုန်းပဲ၊ သူတို့ပါးစပ်က ရောင်းမလား ပေးမလားဆိုတာကို သဲသဲကွဲကွဲမကြားရဘူး၊ လူအုပ်က တယောက်တမျိုးနဲ့ ဆူညံနေတာဘဲ။ သေချာတာကတော့ သူတို့ဆက်မမွေးနိုင်ဘူးလို့ပြောတာ။ အဲဒီမှာ အဒေါ်ကြီး တယောက်က အကြီးဆုံးသားကို မွေးစားမယ်ပြောတော့ ကလေးက နည်းနည်းသိတတ်နေပြီဆိုတော့ မလိုက်ဘူး၊ အမေနဲ့ပဲ နေချင်တယ်ပြောလို့ ပွဲခင်းထဲကလူတွေ အကုန်သနားသွားကြတယ်၊ ကလေးကို မရောင်း ပါနဲ့လို့ပြောပြီး ကစားစရာတွေ မုန့်တွေ ပိုက်ဆံတွေဝိုင်းပေးကြတယ်။”             

သူတို့လင်မယားဟာ တောင်ပေါ်တိုင်းရင်းသားတမျိုးဖြစ်ပြီး ပြောဆိုဆက်ဆံရတာ စကားသိပ်မပေါက်ကြောင်း၊ အမေဖြစ်သူကလည်း ကြည့်ရတာ ဉာဏ်ရည်မပြည့်သလိုပဲလို့ သူမက ဆက်ပြောပါတယ်။ 

ရွာသားဆီက အလှူငွေ ကျပ် ၂ သိန်းကျော်လောက်ရပြီးနောက် သူတို့လည်း ကလေး ရောင်းမယ့်အကြောင်း ထပ်မပြောတော့ဘဲ ပင်လုံသွားချင်တယ်ပြောလို့ ရွာသားတွေက လိုက်ပို့ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်ကို ယိင်းခမ်းလှိုင်းက လိုက်ဖ်လွှင့်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တာကြောင့် သူတို့မိသားစုကို ကူညီချင်သူတွေအများအပြား ဆက်သွယ်လာပေမယ့်  နောက်ထပ်မတွေ့ရတော့ ဘူးလို့ ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up