close

ဂန့်ဂေါတွင် စစ်ကောင်စီတပ်က နေအိမ်များကိုဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းနှင့်ငွေသားများ လုယူ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးတွေရဲ့ သတင်းပေးမှုတွေကြောင့် စစ်ကောင်စီ အကြမ်းဖက်တပ်တွေက ‌အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းနဲ့ ငွေသားတွေကို လုယူနေကြတယ်လို့ သိရပါတယ်။

ဇွန် ၁၉ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာအနီး ကလေး-ဂန့်ဂေါကားလမ်ဘေးမှာ နေထိုင်တဲ့ ဒလန်လို့ ယူဆရတဲ့ လင်မယား ၂ ဦး အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဇွန် ၂၀ ရက်နေ့မှာ ဘော်ပြင်းကျေးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းအိမ်နဲ့ သားဖြစ်သူ NLD ပါတီဝင်တို့ရဲ့ အိမ်တွေကို အကြမ်းဖက် ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်သွားခဲ့တာပါ။ 

နေအိမ်တွင်းက ပစ္စည်းတွေ၊ ပရိဘောဂ အသုံးအဆောင်တွေ၊ အိုးခွက်ပန်းကန်တွေ၊ ကုန်ပစ္စည်းတွေ၊ ဆန်နဲ့ သီးနှံအိတ်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့သလို ငွေသားနဲ့ ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားခဲ့ပါတယ်။ 

လူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ဖမ်းဆီးခံရခြင်းမရှိခဲ့ပါဘူး။ 

မေလကတည်းကစတင်ကာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက မထင်ရင် မထင်သလို ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေရှိနေပြီး ဖျက်ဆီးမှုတွေလည်း ရှိတာပါ။ 

မေလကုန်ပိုင်းကလည်း ဂန့်ဂေါမြို့နယ်အတွင်း ကလေး-ဂန့်ဂေါလမ်း ရဲလှ၊ မွှေ့လယ်ကျေးရွာ‌ကြားမှာ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ CDM မလုပ်တဲ့ ကျောင်းဆရာမတချို့ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဇွန်လဆန်းကစတင်ကာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတာပါ။ 

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တပ်တွေ၊ ရဲတွေနဲ့ ဒလန်သတင်းပေး ပျူစောထီးတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၅ ထောင်ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up