close

ကိုဗစ်တတိယလှိုင်း

ငြိမ်ချက်သားကောင်းခဲ့တဲ့ ကိုဗစ်-၁၉ ပိုးက  မြန်မာပြည်မှာ  မေ ၂၇ ရက်ကစပြီး တကျော့ပြန် ခေါင်းထောင်ထလာတယ်။ စစချင်း လေး၊ ငါး၊ ခြောက်၊ ဆယ်ယောက်လောက်မှာ ကိုဗစ်ပိုးတွေ့ရာက တဖြည်းဖြည်း တစ်ရာကျော်လာတယ်။ နောက်တော့ နှစ်ရာကျော်၊ သုံးရာကနေ လေးရာကျော်၊ ငါးရာကျော်ထိ ပိုးတွေ့လူနာများလာနေတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက အခုနောက်ပိုင်း ပိုစစ်လာပြီး ပိုစစ်တာနဲ့အမျှ ပိုတွေ့လာတယ်။ အရင် ရာဂဏန်းစစ်ရာက ထောင်ဂဏန်းစစ်လာပြီး အခုဆို တရက် တရက် ပိုးတွေ့လူနာ ငါးရာကျော်အထိ မြင့်တက်လာတယ်။

ကျန်းမာရေးဌာနရဲ့ ဇွန် ၃ ရက်တွေ့ရှိချက်အရ အခုကူးစက်နေတဲ့ ကိုဗစ်ပိုးဟာ ကူးစက်မြန်ပြင်းထန်တဲ့ ဗီဇပြောင်းပိုးတွေ ဖြစ်တယ်။

တွေ့တဲ့ဗီဇပြောင်းပိုးက Alpha, Delta နဲ့ Kappa တို့ဖြစ်ပြီး ဒီပိုးတွေကို စတင်တွေ့ရှိတဲ့ နိုင်ငံတွေက အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေ ဖြစ်တယ်။

ကမ္ဘာမှာ ကိုဗစ်မျိုးကွဲ ၄ ခု စိုးရိမ်ဖွယ်ပျံ့နှံ့နေပြီး ယူကေ မျိုးကွဲ Alpha၊ တောင်အာဖရိက မျိုးကွဲ Beta၊ ဘရာဇီးမျိုးကွဲ Gamma နဲ့ အိန္ဒိယမျိုးကွဲ Delta တို့ဖြစ်တယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံနာမည်တပ်မပြောလိုတဲ့အတွက် အခုလို နာမည်ပေးထားတာဖြစ်တယ်။ Alpha က နိုင်ငံပါင်း ၁၆၀ ထိ ရောက်နေတယ်။ Gamma က ၁၁၃ နိုင်ငံ၊ Beta ၆၄ နိုင်ငံ၊ Delta ၆၂ နိုင်ငံ အသီးသီးရောက်နေကြတယ်။

ဒီတကြိမ် ကိုဗစ်တတိယလှိုင်းမှာ ထူးခြားချက်က တနေရာထဲမှာ အစုအပြုံလိုက်ကူးကြတာဖြစ်တယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက ပုဂ္ဂလိကကျောင်းတခုမှာ လူ ၂၀၀ ကျော်အစုအပြုံလိုက်ကူးတယ်။ ပဲခူးတိုင်း လက်ပံတန်းမှာ လူ ၁၂၀ ကျော် အစုအပြုံလိုက်ကူးတယ်။ မနေ့တနေ့က နေပြည်တော်မှာ ရုတ်တရက်ကူးစက်မှုမြင့်တက်ခဲ့တာလည်း  ပုဂ္ဂလိက ကျောင်းတခုကပဲ။

ဇွန်လတတိယပတ်ထဲ မော်လမြိုင်မှာ ၂၄ ဦး ကူးထားတာက စာသင်ကျောင်းကပဲ။ ဟင်္သာတက ၂၃ ဦး တပြိုင်တည်း ကူးစက်ခံရတာလည်း သူနာပြုသင်တန်းကျောင်းတခုဆီကပဲဖြစ်တယ်။ ပုဂ္ဂလိကစာသင်ကျောင်းတွေ သင်တန်းကျောင်းတွေနဲ့စာသင်ကျောင်းတွေမှာ အစုအပြုံလိုက်ကူးလို့ စစ်ကောင်စီက ကျောင်းပိတ်ပေးမှာမဟုတ်။ ကူးခံရသူခံပဲ။

ဒါဆို ကူးစက်ခံထားရသူတွေကိုကော  စနစ်တကျကုသပေးမှာလား။ နိုး ပါ။ ဇွန်လဆန်းပိုင်းတရက် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကွာရန်တင်းစင်တာတခုဖွင့်ဖို့ပြင်တော့ ကွပ်ပျစ်ပေါ် ဖျာကြမ်းခင်းထားတဲ့ဓာတ်ပုံတွေ အွန်လိုင်းပေါ်တက်ခဲ့တယ်။ လိုင်းသုံးသူတွေ အကြား အုတ်အော်သောင်းတင်းဖြစ်ကုန်တယ်။

ကွာတယ်။

အရင် ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ရင်ဆိုင်ဖြတ်သန်းတုန်းက မင်းနဲ့ပြည်သူကြည်ဖြူ၊ မင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေတူတူ၊ မင်းနဲ့စေတနာ့ဝန်ထမ်းတွေ မငြူစူ၊ အားလုံးညီတူညာတူဝိုင်းပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာပါ။

အခု တတိယလှိုင်းမှာကျ ပြည်သူကတဘက် စစ်တပ်ကတဘက်အခြေအနေဖြစ်နေပြီ။ ဘာတခုမှ ရေရေရာရာ မလုပ်တတ်တဲ့ စစ်အကြမ်းဖက်အုပ်စု လက်ထက်ဖြစ်နေတယ်။ ဆေးရုံတွေဖွင့်တယ်။ မအောင်မြင်ဘူး။ ကျန်းမာရေးဝန်ထမ်းအများစုက CDM ဝင်နေကြတယ်။ တက္ကသိုလ်တွေဖွင့်တယ်။ လာတက်တဲ့ကျောင်းသားမရှိဘူး။ စာသင်ကျောင်းတွေဖွင့်တယ်။ ကျောင်းရှေ့ကြည့်လိုက်ရင် ကျီးနဲ့ဖုတ်ဖုတ်။ ဘာတခုမှမအောင်မြင်ဘဲ ဘာတခုမှအရာမထင်ဘဲ လူသတ်၊ ပစ္စည်းလု၊ စစ်ဓားပြအလုပ်ကိုသာ တွင်တွင်လုပ်နေတဲ့ စစ်အကြမ်းဖက်လက်ထက်မှာ ကိုဗစ်ပိုးကူးစက်ခံရလို့ ကတော့ သေဖွယ်ရာသာရှိတယ်။

လက်ရှိ ဇွန် ၂၀ ရက်အထိ ကိုဗစ်ပိုးကူးစက်ခံထားရမှုမှာ ချင်းပြည်နယ်မှာ ၁၀၀ ကျော်နဲ့အများဆုံး၊ အဲ့ဒီနောက် စစ်ကိုင်းတိုင်း ၇၀ ၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ၅၀ ကျော်၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းက ၄၀ ကျော် ၊ စသဖြင့် ပြည်နယ်တိုင်း ၁၂ ခုမှာ ကိုဗစ်ပိုးကူးစက်မှု ပျံ့နှံ့နေတယ်။ လူပေါင်းတသိန်းခွဲနီးပါး ကိုဗစ်ပိုးကူးစက်ခံထားရပြီး ပိုးကြောင့်သေဆုံးသူ  ၃၂၀၀ ကျော်ရှိခဲ့ပြီ။

ဒါကြောင့် လက်ဆေးပါ။ အပြင်မထွက်ဘဲအိမ်မှာ တတ်နိုင်သလောက်နေပါ။ အပြင်ထွက်ရင် MASK တပ်ပါ။ မိမိကစ ကာကွယ်ပါ။ အမိုက်မှောင်ဖုန်းနေတဲ့ လက်ရှိကာလကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းကျော်ဖြတ်ကြရအောင်ပါ။

အရေးတော်ပုံ အောင်ကိုအောင်ရမယ်။

သစ်နွေဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up