မက်ဂွဲယားနှင့် ဟန်ဒါဆန်တို့ကို ပွဲထွက်ခွင့်ပေးပြီး ဟာရီကိန်းကို ချန်လှပ်သင့်ကြောင်း ကာရေဂါ တိုက်တွန်း

အင်္ဂလန်အသင်းဟာ ဇွန် ၂၃ ရက်နေ့ ချက်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မက်ဂွဲယားနဲ့ ဟန်ဒါဆန်တို့ ပွဲထွက်ကစားခွင့်ပေးသင့်ပြီး တိုက်စစ်မှူးဟာရီကိန်းကိုတော့ ချန်လှပ်ထားသင့်တယ်လို့ နောက်ခံလူဟောင်း ကာရေဂါက အကြံပြုတိုက်တွန်းပါတယ်။
ယူရို ၂ ပွဲ ကစားအပြီးမှာ မန်ယူအသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ လီဗာပူးအသင်း ခေါင်းဆောင် ဟန်ဒါဆန်တို့က ပွဲကစားခွင့်မရသေးတာ ဖြစ်ပါတယ်။ ချက်နဲ့ပွဲမှာတော့ အဲဒီဝါရင့်ကစားသမား ၂ ဦးကို ပွဲထွက်ခွင့်ပေးသင့်ပြီး အသင်းခေါင်းဆောင် ဟာရီကိန်းကိုတော့ ချန်လှပ်သင့်ကြောင်း ကာရေဂါက သုံးသပ်ခဲ့တာပါ။
တိုက်စစ်ပိုင်းမှာ ဂရီးလစ်ချ်ကိုလည်း ပွဲထွက်ခွင့်ပေးသင့်ပြီး စတာလင်၊ မေဆန်မောင့်တို့နဲ့ တွဲဖက်ပေးသင့်ကြောင်း ကာရေဂါက တိုက်တွန်းခဲ့ပါတယ်။
ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန်ကို ဒက်ကလန်ရိုက်နဲ့ တွဲပြီး ၁ နာရီလောက် ကစားစေသင့်ကာ ပြီးမှ ဖိလစ်ကို လူစားလဲသင့်ကြောင်းလည်း ကာရေဂါက အကြံပြုတိုက်တွန်းပါတယ်။