မြစ်ကြီးနားထောင်မှ သမီးဖြစ်သူ လွတ်မည်ကို သွားစောင့်သည့် ဖခင်ဖြစ်သူ နှလုံးအောင့်သေဆုံး

မြစ်ကြီးနားအကျဉ်းထောင်ကနေ သမီးဖြစ်သူ လွတ်လာမှာကို စောင့်ရင်း ဖခင်ဖြစ်သူ နှလုံးအောင့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို စစ်ကောင်စီက သက်ဆိုင်ရာ အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးမယ်ဆိုတာကြောင့် လယ်ကုန်းရက်ကွက်နေ အသက် ၆၀ ဆယ်ကျော်အရွယ် ဦးဇော်ဖန်းဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမီးဖြစ်သူ မဘောက်ဂျာကို သွားစောင့်ရာမှ နှလုံးအောင့်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဆွေမျိုးတစ်ဦးက “ညနေ လေးနာရီလောက်မှာ နှလုံးအောင့်ပြီးဆုံးတာလို့ပြောတယ်။ ဦးလေးရဲ့ သတင်းကြားတာနဲ့စိတ်မကောင်းဘူး။ အိမ်ကအမေဆိုရင် အဲ့သတင်းကြားတာနဲ့ ငိုတော့တာပဲ” လို့ ပြောပါတယ်။
အခုသေဆုံးသွားခဲ့တဲ့ သူရဲ့သမီးဖြစ်သူ မဘောက်ဂျာဟာ မေလ ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး လက်ရှိမှာ ပုဒ်မ ၅၀၅(က) နဲ့တရားစွဲဆိုခံထားရကာ လွှတ်မြောက်ခဲ့ခြင်း မရှိဘူးသေးဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ အမျိုးသမီး ၅၀ နဲ့ အမျိုးသား ၉၅ ဦး စုစုပေါင်း ၁၄၅ ဦးကို ဇွန် ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဓာတ်ပုံ - NUM