မြန်မာ့လက်ရွေးစဉ် ဂိုးသမား ပြည့်လျှံအောင် တိုကျိုတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်





မြန်မာ့လက်ရွေးစဉ် ဂိုးသမားပြည့်လျှံအောင်က တိုကျိုမြို့ တမချိ ဘူတာအနီး ရှိဘအူယဟောက်စ်မှာ ဇူလိုင် ၄ ရက်နေ့က ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို NHK၊ TBS၊ Kyodo အဆဟီ အပါအဝင် ဂျပန်နိုင်ငံသတင်းမီ ဒီယာတွေနဲ့ ဂျပန်နိုင်ငံက ဝါရင့်ဒုက္ခသည်ဆိုင်ရာ ကျွမ်းကျင်သူရှေ့နေကြီး ဝါတာနာဘဲ့ အပါအဝင် ရှေ့နေတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တက်ရောက်ခဲ့ကြပါတယ်။
ပြည့်လျှံအောင်အား လိုက်လံကူညီပေးနေသူ ကိုအောင်မြတ်ဝင်းက “ပြည်လျှံအောင်က လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်အာခံကာ မြန်မာနိုင်ငံအကြောင်း ကမ္ဘာကို သိစေခဲ့မို့ ပြည့်လျှံအောင်ကို ကူညီတာက မြန်မာနွေဦးတော်လှန်ရေးကို ကူညီရာ စစ်အာဏာရှင်ကို ဆန့်ကျင်တာ ရောက်တယ်” လို့ ဒီဗွီဘီကို ရှင်းပြခဲ့ပါတယ်။
သတင်းစာရှင်းပွဲလာရောက်သူ MFC (Tokyo) ဘောလုံးအသင်းအုပ်ချုပ်သူ ကိုဟန်စိန်က “လက်ရွေးစင် ပြည့်လျှံအောင်ဟာ မြန်မာနိုင်ငံမှာ ဘောလုံး ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုလာသူဖြစ်လို့ ဂျပန်နိုင်ငံမှာ လည်းဘောလုံးပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ သူ့အနေနဲ့လည်း ဆန္ဒရှိမှာပါ။ ဒါကြောင့် သူ့အနေနဲ့ ဂျပန်ကလပ်အသင်းတွေမှာ ဝင်ရောက်ကစားနိုင်ဖို့ အားလုံးက ကူညီကြမှာဖြစ်သလို မျှော်လင့်နေကြပါတယ်” လို့ ပြောပါတယ်။
ဒုက္ခသည်ဆိုင်ရာ ကျွမ်းကျင်သူ ရှေ့နေကြီးဝါတာနာဘဲ့က သူ့အနေနဲ့ ပြည့်လျှံအောင်ကို နိုင်ငံရေးဒုက္ခသည်အဖြစ် ဂျပန်တရားရေးဝန်ကြီးဌာနက အသိအမှတ်ပြုအောင် အစွမ်းကုန်ကူညီသွားမယ်လို့ ဆိုပါတယ်။
ဂျပန်မှာ ဘောလုံးကစားသမားအဖြစ် ဆက်ကစားလိုပြီး စစ်အာဏာရှင်ပြုတ်ကျချိန် မြန်မာနိုင်ငံမှာပြန်ပြီး နောက်မျိုးဆက်သစ်တွေအတွက် ဂျပန်နည်းစနစ်တွေကို ပြန်မျှဝေပေးချင်တယ်လို့ ပြည်လျှံအောင်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်က ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မစခင်မှာ မြန်မာလက်ရွေးစင် ပြည့်လျှံအောင်က ဂျပန်အသင်းနဲ့ ပွဲမစမီ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဇွန် ၁၆ ရက်နေ့ မြန်မာအသင်းပြန်ချိန် လေယာဉ်ပေါ်မတက်မီ ဂျပန်မှာ ကျန်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့ပြီး လေဆိပ်မှာနေထိုင်ခွင့်လည်း ရရှိခဲ့ပါတယ်။ ဇူလိုင် ၂ ကတော့ ဂျပန်မှာ ၆ လနေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ပါ ရရှိထားခဲ့ပါတယ်။