ဖားကန့်တွင် စစ်ကောင်စီတပ်များ ခြေလျင်ချီတက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု၊ ဆွတ်အောင်ကျေးရွာအနီးမှာ ဒီနေ့ မနက် ၇ နာရီ လောက်က ခြေလျင်ချီတက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံတပ်တွေ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"နမ့်မှော်ရွာနဲ့ ဆိုင်းအောင်ရွာ ကြားဆိုင်အောင် အုပ်ချုပ်ရေးရုံးနဲ့ တအိမ်ကျော်လောက်မှာ စစ်ကောင်စီတပ်တွေ ခြေလျင်တက်လာတုန်း အုံးဆို ထကွဲသံကြားရတာ၊ ဘယ်သူမှသွားမကြည့်ရဲဘူးလေ။ သူများတွေပြောနေကြတာတော့ မိုင်းခွဲတာလို့ပြောကြတယ်။ တော်တော်ထိကုန်တယ်။ လူနာတင်ကား ၂ စီးနဲ့ တင်သွားတာ အတုံးအရုံးပဲ" မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။
ဆိုင်အောင်ကျေးရွာမှာရှိတဲ့ သင်္ခါလူမှုကူညီရေးရုံး တာဝန်ရှိသူတဦးက "ပေါက်ကွဲမှုဖြစ်တာဟုတ်ပါတယ်။ အသံမိုင်းလို့ထင်ပါတယ်။ စစ်သားတွေလည်း တယောက်မှ ဒဏ်ရာရတာ သေတာမတွေ့ရဘူး" လို့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်တွေက ရှေ့မတက်ရဲတော့ဘဲ ဆိုင်းတောင် ဘုရားကျောင်းထဲမှာ တပ်စွဲထားကြတယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်တွေဟာ တာမခန်ဘက်ကနေ ချီတက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ညကလည်း တာမခံကျေးရွာမှာ တညလုံး သေနတ်သံတွေလည်း မပြတ်ကြားနေရတယ်လို့ တာမခံရွာသားတဦးက ပြောပါတယ်။
"မနေ့ညက ရွာမှာတညလုံး သေနတ်သံတွေကြားနေရတာ။ တိုက်ပွဲဖြစ်တဲ့ အပြန်အလှန်ပစ်တဲ့ပုံစံမဟုတ်ဘူး။ အမှန်က အခုတိုက်ခိုက်ခံရတဲ့စစ်ကြောင်းတွေ ဖားကန့်ဘက်တက်ချင်လို့ လူတွေမထွက်ရဲအောင်လို့ တမင်ပစ်နေတာပဲ။"
ကချင်ပြည်နယ်တနံတလျား၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်တွေမှာအထိ အာဏာသိမ်းစစ်ကောင်စီနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။