close

ရန်ကုန်တွင် ကိုဗစ်-၁၉ ကူးစက်လူနာ များလာပြီးနောက် အောက်ဆီဂျင်ပြတ်လပ်

ကိုဗစ်-၁၉ ကူးစက်ခံ လူနာတွေ များလာပြီးတဲ့နောက် ရန်ကုန်မြို့မှာ အောက်ဆီဂျင် လိုအပ်သူတိုင်းကို အရင်လို မပေးနိုင်တော့ဘဲ ပြတ်လပ်နေပြီလို့   ကိုဗစ်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“မရှိတော့ဘူး။ ကျနော်တို့ဆီမှာ အိုးတွေလည်း မရှိတော့ဘူး” လို့ ပရဟိတအသင်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။

ရန်ကုန်မှာ အောက်ဆီဂျင်ကူညီပေးနေတဲ့ တခြားအသင်းတွေကို ဒီဗွီဘီက ဆက်သွယ်ကြည့်ရာမှာလည်းအားလုံးဟာ ဆက်လက်ကူညီဖို့ အခက်အခဲရှိနေတာကို သိခဲ့ရပါတယ်။

“အိုးတော့မရှိတော့ဘူး။ (အိုးအလွတ်နဲ့လာပြီး) ဖြည့်မယ်ဆိုရင်တော့ ဒီနေ့ ရနိုင်မယ်။ နောက်နေ့တွေအတွက် ပြောတာမဟုတ်ဘူးနော်။ တခြားအသင်းတွေမှာလည်း မရှိကြတော့ဘူးဆိုတော့ ဒါက ချက်ချင်းကုန်သွားနိုင်တယ်” လို့ လူမှုကယ်ဆယ်ရေး အသင်းတခုရဲ့ တာဝန်ခံက   ပြောပါတယ်။

ရောဂါကူးစက်ခံလူနာအများစုဟာ အိမ်တွေမှာပဲ နေထိုင်ကြကာ မိမိဖာသာ ဆေးကုသနေကြ တာလည်းဖြစ်ပါတယ်။

“တာမွေက အိမ်တအိမ်မှာဆိုင်ရင် တရက်ကို ၆ အိုးကုန်တယ်။ ကျနော်တို့မှာ ရှိသမျှအိုးတွေအားလုံးက အိမ်တွေကို ပေးထားရတယ်။ ခုက စက်ရုံမှာ ပြန်ဖြည့်လို့လည်း မရသေးဘူး။ ဒီနေ့လည်း ဘယ်အချိန်မှာ ဖြည့်လို့ရမယ် မသိသေးဘူး” လို့ အသင်းတခုမှာ လုပ်အားပေးနေသူတယောက်က ပြောပါတယ်။

အောက်ဆီဂျင်ထုတ်ပေးနေတဲ့စက်ရုံတွေမှာ ပုံမှန်ဆိုရင် ၂၄ နာရီဖြည့်လို့ရပေမဲ့ မီးပျက်တဲ့ ရက်မျိုးဆိုရင်တော့ တနေကုန် တန်းစီစောင့်ဆိုင်းရတယ်လို့လည်း သူက ဆိုပါတယ်။ အောက်ဆီဂျင်တအိုးကို ပျမ်းမျှ ကျပ် ၅၀၀၀ လောက်ပေးရတယ်လို့လည်း ဆိုပါတယ်။

ဒီအရင်ကတော့ အရေးပေါ်သုံးအောက်ဆီဂျင်ဘူးတွေကို အွန်လိုင်းအရောင်းဆိုင်တွေမှာလည်း ရောင်းခဲ့ကြပေမဲ့ လက်ရှိမှာတော့ အားလုံးသူဆီမှာ ပစ္စည်းပြတ်လပ်နေပါတယ်။

“ဘယ်တော့ပြန်ဝင်မယ်ဆိုတာလည်း မပြောနိုင်သေးပါဘူး။ အောက်ဆီမီတာ(သွေးတွင်းအောက်စီဂျင်တိုင်းစက်) လည်း ကုန်နေပါတယ်” လို့ အွန်လိုင်းအရောင်းပစ္စည်းလက်ကားဆိုင်တဆိုင်က ပြောပါတယ်။

အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အိမ်သုံးစက်တွေ ဈေးကွက်ထဲမှာ ရှိပေမဲ့ ဈေးကြီးသလို ဒီစက်တွေဟာ တကယ်တမ်း အောက်ဆီဂျင်အရေးတကြီးလိုနေတဲ့ လူနာမျိုးတွေအတွက်တော့ လုံလောက်အောင် ထုတ်လုပ်မပေးနိုင်ဘူးလို့ ဆရာဝန်တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင် ၄ ရက် ည ၈ နာရီမှ ၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၉၆၉ ဦးတွေ့ရှိရာမှာ ရန်ကုန်တိုင်းအတွင်း ၃၄၈ ဦးတွေ့ရှိပြီး ၁၁ ဦးသေဆုံးခဲ့ပါတယ်။

Photo-MOHS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up