ပုသိမ်ဆေးရုံတွင် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်လိုအပ်နေ

ဧရာဝတီတိုင်းမြို့တော်ရှိ ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ လူနာတွေအတွက် ကုသရေးအထောက်အကူပစ္စည်းတွေ လိုအပ်ချက်ရှိနေပြီး အောက်ဆီဂျင်ပါ မလုံလောက်ဖြစ်နေတာကြောင့် လူနာတွေ နေ့စဉ်သေဆုံးနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
“အောက်ဆီဂျင်အိုးလိုက်ငှားတာ ငှားမရဘူး၊ ကုန်နေတာများတယ်။ အကုန်လုံးက လိုနေတော့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒီအတိုင်းဆိုမလွယ်ဘူး ဒီနေ့လည်း တစ်ယောက်သေသွားတယ်။ လုံးဝမနိုင်တော့ဘူး”လို့ လူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင် ၅ ရက်အထိ အတည်ပြုလူနာ ၅၀၀ ကျော်ထိရှိနေပြီး အနံ့ပျောက်သူတချို့က ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိစစ်ဆေးပေးဖို့ ဆေးရုံတွေကို သွားရောက်တာမှာလည်း စစ်ဆေးပေးခြင်းမရှိဘူးလို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
“ကျနော့်အိမ်ကဖြစ်တာ၊ နေမကောင်းချင်ဘူး၊ အနံ့ သိပ်မရလို့ စစ်ပေးပါပြောတာကို စစ်မပေးဘူး။ Positive သမားနဲ့ ထိစပ်တဲ့သူကိုပဲ စစ်ဆေးတယ်လို့ သူတို့ကပြောတယ်။ ဘာမှမလုပ်တတ်ဘဲ အာဏာလုထားတဲ့ကောင်တွေ မလုပ်တတ်လည်း ဆင်းပေးလိုက်တာမဟုတ်ဘူး”လို့ ပုသိမ်မြို့နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ ကိုဗစ်လူနာတွေကို ထားရှိဖို့နေရာ မလုံလောက်တော့ဘဲ နေအိမ်တွေကို ပြန်လွှတ်နေပြီး နေ့စဉ်လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တစ်ဦး သေဆုံးပြီး အခုဆိုရင် သေဆုံးသူ ၁၄ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။