close

ကိုဗစ်ပိုးတွေ့လူနာသစ် ၁၈၀၀ ကျော် ပြည်နယ်၊ တိုင်း ၁၄ ခုတွင်တွေ့ရှိ၊ ရန်ကုန်က အများဆုံးဖြစ်

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်  ၁,၈၇၇ ယောက် ရှိခဲ့ပြီး နိုင်ငံအနှံ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုတို့မှာ တွေ့ရှိရကာ ရန်ကုန်တိုင်းဒေသ ကြီးက ပိုးတွေ့လူနာ ၂၈၆ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၉,၀၅၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၈၇၇ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုး တွေ့နှုန်း ၂၀ ဒသမ ၇၃ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ ရက်တွေကထက် ပိုမိုများပြားလာ နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူနာအယောက် ၂၀ ထပ်မံသေဆုံးတာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၃,၃၈၄ ယောက်၊ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၆၃,၀၈၇ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ရန် ကုန်တိုင်းဒေသကြီးပြီးရင် ပဲခူးတိုင်းဒေသကြီးက ၂၅၅ ယောက်၊ ဧရာဝတီတိုင်းဒေသကြီး က  ၂၄၁ ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီးက   ၂၂၈ ယောက်၊ ရှမ်းပြည်နယ်က  ၂၀၈ ယောက်စီ အသီးသီးနဲ့ အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up