ဟေတီသမ္မတ လုပ်ကြံခံရ

ဟေတီနိုင်ငံ သမ္မတ ယိုဗေနယ် မွိုက်စ်ဟာ မြို့တော် ပို့ထ်အူပရင့်စက နေအိမ်မှာ ညအချိန် ဘယ်သူဘယ်ဝါ မသိရတဲ့ တိုက်ခိုက်သူတွေက အသေပစ်သတ်တာ ခံခဲ့ရတယ်လို့ အစိုးရက ဇူလိုင် ၇ ရက်မှာ ကြေညာပါတယ်။
ဒေသစံတော်ချိန် ည ၁ နာရီက စီးနင်းမှုအတွင်း သမ္မတကတော်လည်း ကျည်ထိမှန် ဒဏ်ရာရခဲ့လို့ ဆေးကုသ ခံနေရပါတယ်။
ဆင်းရဲတဲ့ ကယ်ရစ်ဘီယံကျွန်းနိုင်ငံအတွင်း ရှုပ်ထွေး ခလောက်ဆန်တဲ့ အခြေအနေ ပိုတိုးလာမှာကို စိုးရိမ်နေကြပါတယ်။
ကြားဖြတ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်အပြီး တိုင်းပြည်ကို ဘယ်သူဆက်အုပ်ချုပ်မယ်ဆိုတာ မရေရာတဲ့ အချိန်အတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ရုပ်သံမိန့်ခွန်းကနေ ပြောပါတယ်။
အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
သမ္မတ လုပ်ကြံမှုကို အမေရိကန်နဲ့ အိမ်နီးချင်း လက်တင် အမေရိက နိုင်ငံတွေက ပြစ်တင် ရှုံ့ချခဲ့ပါတယ်။
ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတားရဲ့စ်ကလည်း သမ္မတ လုပ်ကြံခံရတာကို ပြစ်တင်ရှုံ့ချခဲ့ပြီး ကုလလုံခြုံရေးကောင်စီကတော့ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းစာနာ တုန်လှုပ်မိ ကြောင်း ပြောခဲ့တာပါ။
လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးကို ဇူလိုင် ၈ ရက်မှာ ကျင်းပကောင်း ကျင်းပလိမ့်မယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်ဆိုင်ရာ ဟေတီသံအမတ်ကြီးကတော့ သမ္မတအား လုပ်ကြံသတ်ဖြတ်သူတွေကို ဖမ်းဆီးဖို့ နိုင်ငံတကာက ဝိုင်းဝန်းရှာဖွေပေးကြဖို့ ဆော်သြလိုက်ပါတယ်။
စုံစမ်းစစ်ဆေးတာတွေ စလုပ်နေတယ်လို့ သူက ပြောပေမယ့် နောက်ထပ် ထင်မြင်ချက် ပေးဖို့ကိုတော့ သံအမတ်ကြီး ဘော့ချစ် အဒ်မွန်က ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ပါတယ်။
သမ္မတကို လုပ်ကြံတဲ့ သေနတ်သမားတွေဟာ သူတို့ကိုယ်သူတို့ အမေရိကန် မူးယစ် နှိမ်နင်းမှု စီမံခန့်ခွဲရေးအဖွဲ့ (DEA) က သူလျှိုတွေလို့ ပြောခဲ့ကြပေမဲ့ သူတို့ဟာ ဒီအီးအေ သူလျှို မဖြစ်နိုင်ဘူးလို့ အစိုးရက ရထားတဲ့ ရုပ်သံကို ကိုးကားပြီး သံအမတ်ကြီးက ပြောခဲ့ပါတယ်။