close

ဘန်ကောက်နှင့် ၆ ခရိုင်ကို လော့ခ်ဒေါင်းချမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံမှာ ခုတစ်ပတ်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ နေ့စဉ်ထောင်နဲ့ ချီတွေ့ရှိနေပြီး ကူးစက်မှုအမြင့်ဆုံးမှာ ဘန်ကောက်နဲ့ အနီးတဝိုက်ခရိုင်တွေဖြစ်တဲ့အတွက်  ၁၄ ရက်တာ လော့ဒေါင်းချဖို့နဲ့ ခရီးသွားလာမှုတွေကန့်သတ်ဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား ဦးဆောင်သော ကိုဗစ်-၁၉ အခြေအနေ စီမံကွပ်ကဲရေးဗဟိုအဖွဲ့ရဲ့ ဒီကနေ့မနက် ဗွီဒီယို ကွန်ဖရင့်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

လော့ဒေါင်းချမယ့်ခရိုင်ဟာ ဘန်ကောက်အပါအဝင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမြင့်မားတဲ့ အနီးနားခရိုင် ၆ ခုပါ ပါဝင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ကာ လော့ခ်ဒေါင်းချပြီးပါက သီတင်းပတ် ၂ ပတ်မှ ၄ ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းလာမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က အစည်းအဝေးမှာ ပြောပါတယ်။ 

ဒါ့အပြင် ဝန်ကြီးချုပ်က သူ့ရဲ့လစာ ၃ လစာကို မယူတော့ဘဲ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းအတွက် ထောက်ပံ့ကူညီမယ်လို့ ပြောသွားပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ရဲ့ လစာမှာ ၇၅၅၉၀ ဘတ်နဲ့ ရာထူးဆောင်းငွေ ၅၀၀၀၀ ဘတ်ဖြစ်ပြီး စုစုပေါင်း ၁၂၅၅၉၀ ဘတ်ဖြစ်ကာ ၃ လစာ ၃၇၆၇၇၀ (ဘတ် ၃ သိန်း ၈ သောင်း နီးပါး) ရှိပါတယ်။ 

လော့ခ်ဒေါင်းချမယ့်ခရိုင်တွေမှာ ဘန်ကောက်၊ နွန်ထဘူရီ၊ ပထုန်ဌာနီ၊ စမွတ်စခွန်း၊ နခွန်းပထုန်၊ စမွတ်ပရကန် စတဲ့ခရိုင်တွေပါဝင်ပြီး လော့ခ်ဒေါင်းချမှုမှာ ခရိုင်အဝင်အထွက်ခရီး သွားလာမှုကန့်သတ်တာ၊ မလိုအပ်က အိမ်ပြင်မထွက်ဘဲ အိမ်မှာနေပြီး အလုပ်လုပ်တာ၊ ကုန်တိုက်ပြီးတွေနဲ့ လူစုလူဝေးနေနိုင်တဲ့ နေရာများပိတ်ထားတာ (ဈေးနှင့်စူပါမာ့ ကက်မပါ)၊ စတဲ့အချက်တွေ ပါဝင်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ပိုးတွေ့သူ ၉၂၇၆ ဦးရှိပြီး ဘန်ကောက်ခရိုင်က ၃၁၁၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်၊ ဒုတိယကူးစက်မှုအများဆုံးကတော့ စမွတ်ဆာခွန်းခရိုင်က ၅၄၄ ဦး ဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူ ၇၂ ဦးရှိပါတယ်။ 

ထိုင်းတနိုင်ငံလုံးမှာ မနှစ်ကစ ဒီနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၈၈၆၄၃ ဦးရှိပြီး ၂၁၂၆၅၁ ဦး သက်သာပျောက်ကင်းကာ ၂၅၃၄ ဦး သေဆုံးခဲ့ပါတယ်။

Photo Credit and Ref- Mgronline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up