close

မူဆယ်မှာ ၁၀၅ မိုင်တွင် အေးဂျင့်များအပါအဝင် ကိုဗစ်-၁၉ကူးစက်ခံရသူ အယောက် ၁၀၀ ရှိလာ

မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်မှာ အေးဂျင့်  ၂၄ ဦး အပါအဝင် ဇူလိုင် ၉ ရက်နဲ့  ၁၀ ရက်နေ့ ၂ ရက်အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ အယောက် ၁၀၀ အထိ ပိုးတွေ့ နှုန်းမြင့်လာကြောင်း  မူဆယ် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံက သိရပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ ဇူလိုင် ၁၀ ရက်နေ့က စစ်ဆေးတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၂၆ ဦး ရှိပြီး အေးဂျင့် (ကုန်တင်ကားတွေကို ဂျူတီ/ အခွန်ဆောင်ပေးတဲ့ ကိုယ်စားလှယ်) ၂၄ ဦးနဲ့ သူတို့နဲ့ ထိစပ်သူ ၁ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦး တို့ဖြစ်ပြီး မူဆယ်ဆေးရုံမှာတော့ သေဆုံးသူ တစ်ဦး ရှိပါတယ်။

ဇူလိုင်လ ၉ ရက်နေ့မှာတော့ ထပ်တိုး ပိုးတွေ့လူနာ အချုပ်သား ၁၁ ဦး၊ ၁၀၅ မိုင်မှာ ၁၇ ဦးနဲ့ ဆေးရုံစစ်သူ ၄၆ ဦး စုစုပေါင်း ၇၄ ဦး ရှိပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

နှစ်ရက်အ‌တွင်း ပိုးတွေ့လူနာတွေထဲမှာ အေးဂျင့်(ကိုယ်စားလှယ်) အပါအဝင် ရန်ကုန်-မူဆယ် ယာဉ်မောင်း၊ မန္တလေး-မူဆယ် ယာဉ်မောင်း၊ Mytel ဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ အကောက်ခွန်ဝန်ထမ်း၊ ဆေးကုမ္ပဏီဝန်ထမ်း၊ ဆံပင်ညှပ်ဆိုင်ဝန်ထမ်း၊ သံပန်းလုပ်သူ၊ အိမ်ဆိုင် ရောင်းသူ၊ တောင်ယာလုပ်သူ၊ ပေါက်မှ မူဆယ်ကိုလာသူနဲ့ လားရှိုးမှ မူဆယ်ကို လာသူတွေ ဖြစ်ပါတယ်။

ပန်ခမ်း အ.လ.က၊ မုံးကိုး၊ ၁၀၅ မိုင်နဲ့ မူဆယ်မြို့တွင်းထဲက ဟိုမွန်ရပ်ကွက်၊ ဆင်ဖြူပေါက်၊ ၄၅ ကုန်း၊ တောင်ရပ်ကွက်၊ သိန်းသန်းချီကားဝင်း၊ စည်ပင်ဝင်း၊ စက်မှုဇုန်၊ ဟိုနားရပ်ကွက်၊ ဈေးရပ်ကွက်၊ ကောင်းမှုလွယ်၊ မြို့မသုဿန်အနီး၊ မန့်ဝိန်း‌ စတဲ့‌ နေရာတွေထဲက ပါဝင်ပါတယ်။

ပိုးတွေ့လူနာတွေကို မူဆယ်ခရိုင် ခုတင် ၂၀၀ ဆံ့ ဆေးရုံသစ်ကြီးနဲ့  ဝန်ထမ်းအိမ်ရာ၊ တရုတ်ကျောင်း ကွာရန်တင်းစင်တာတွေမှာ ထားရှိကာ ကုသပေးနေပါတယ်။

ဇွန်လ ၂၂ ရက်မှ ဇူလိုင် ၁၀ ရက်အထိ မူဆယ်မြို့နယ်မှာ ပိုးတွေ့ လူနာ ၄၀၀ ကျော် ထိရှိလာပြီး ဆေးရုံဆင်းသူ ၄ ဦး၊ သေဆုံးသူ ၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up