မြို့သစ်တွင် ကျောင်းသား ၉ ဦး ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းအုပ်စု၊ စစ်တောကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆဋ္ဌမတန်း အတန်းပိုင်ဆရာမဆီမှာ ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ကျောင်းသား ၉ ဦး ထပ်မံကူးစက်ခံရကြောင်း မြို့နယ် ကျန်းမာရေးဌာနကဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်တယ်လို့ သိရပါတယ်။
ရောဂါပိုးကူးစက်ခံရတာကို ဇူလိုင်လ ၅ ရက်နေ့ ဆေးစစ်ချက်အဖြေထွက်မှ သိရတာဖြစ်ပြီး၊ အဲဒီမတိုင်ခင် ၂ ရက် နောက်ဆုံးကျောင်းတက်ခဲ့ကာ ဖျားနာတာကြောင့် အိမ်ပြန်သွားရာမှ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်တောကုန်းကျေးရွာဒေသခံတဦးက "အဲ့ဆရာမက ၆ တန်းအတန်းပိုင်ဆိုပေမယ့် ၅ တန်းရော၊ ၇ တန်းရောသင်တယ်။ သူက ဇူလိုင် ၃ ရက်နေ့မှ နေမကောင်းလို့ သူ့ရွာသူပြန်သွားတာ။ ပထမဆုံး ၇ တန်းကျောင်းသား ၅ ယောက်ကူးတယ်၊ နောက်ရက် ၇ တန်းကျောင်းသား ၂ ယောက်နဲ့ ၅ တန်းကျောင်းသား ၂ ယောက်ထပ်တွေ့တယ်။ စုစုပေါင်း ကျောင်းသား ၉ ယောက်ရှိပြီ" လို့ ပြောပါတယ်။
စစ်တောကုန်းကျေးရွာ စာသင်ကျောင်းကိုလည်း ရောဂါပိုးကူးစက်ခံခဲ့ရပေမယ့် ပုံမှန်အတိုင်း ကျောင်းဖွင့်လှစ်ထားဖို့ ကျောင်းအုပ်ဆရာမကြီးက ညွှန်ကြားခဲ့တာကြောင့် စစ်ကောင်စီက ယာယီကျောင်းပိတ်ဖို့ မထုတ်ပြန်ခင်အထိ ကျောင်းဖွင့်လှစ်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောင်းသူ၊ ကျောင်းသား ၉ ဦး ရောဂါပိုးကူးစက်ခံရပြီး အဲဒီကလေးတွေကတဆင့် ကျောင်းသား မိဘ ၂ ဦးထပ်မံကူးစက်ခံရကာ ဒီကနေ့မှာ အနံ့ပျောက်သူ ၄ ဦးထပ်တိုးလာတယ်လို့ စစ်တောကုန်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။
"အခု ၄ ယောက်က အနံ့မရတော့ဘူး။ ရွာမှာ လူ ၂၀ လောက် ရက်ရှည်ဖျားနေကြပြီ၊ အဲဒီလူတွေလည်း ရောဂါလက္ခဏာတွေပြနေပြီ၊ ရွာကသေးသေးလေးရယ် အိမ်ခြေ ၇၃ အိမ်ပဲရှိတာ အခု တော်တော်ဖျားနေကြပြီ ထပ်တိုးလာဦးမှာပဲ။"
လက်တလောမှာ ရောဂါကူးစက်ခံရတဲ့ ကျောင်းသား ၉ ဦး၊ အရပ်သား ၂ ဦးနဲ့ ဆရာမနဲ့ထိစပ်ခဲ့တဲ့ ၅ တန်းကျောင်းသား ၈ ဦးကို ရွာကစာသင်ကျောင်းမှာ စောင့်ကြည့်လူနာအဖြစ်ထား စောင့်ကြည့်ထားရပြီး၊ အဲဒီလူတွေအားလုံးကို ရွာကလူငယ်တွေ ဦးဆောင်ပြီး အစားအသောက်တွေ စီစဉ်ပေးနေရတယ်လို့ သိရပါတယ်။