လော့ဒေါင်းချလိုက်သည့် စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် စားသောက်ရေးအခက်အခဲဖြစ်





ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ ဇူလိုင် ၁၄ ရက်က ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးရှိလာပြီးနောက် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေဖို့ စခန်းတစ်ခုလုံးကို လော့ဒေါင်းချလိုက်တယ်လို့ မြတန်းဆောင်းဆရာတော်က မိန့်ပါတယ်။
“လော့ဒေါင်းချတာကတော့ သက်ဆိုင်ရာကချခိုင်းလို့ ချတာမဟုတ်ပါဘူး၊ ကိုယ်တော်တို့က ကိုယ့်အသိနဲ့ကိုယ်လုပ်ကြတာပါ၊ စခန်းက ဒကာမတစ်ယောက်မှာ ပိုးတွေ့တယ်ဆိုပြီးတော့ ဆရာဝန်ကြီးကလည်း အတည်ပြုလိုက်တယ်၊ အဲဒါဆိုသူနဲ့ဆက်စပ်ခဲ့တဲ့ အနည်းဆုံး သူ့မိသားစုဝင်တွေရှိမယ်၊ အဲဒါကြောင့် ဒီရောဂါပြန့်မသွားဖို့အတွက်ကို ကိုယ်တော်တို့က ထိန်းချုပ်လိုက်တဲ့သဘောပါ။”
အဆိုပါစစ်ဘေးရှောင်စခန်းမှာ နိုင်ငံတကာအဖွဲ့အစည်းအချို့က ကူညီထောက်ပံ့နေပေမယ့် လုံလောက်တဲ့ အကူအညီတွေ မရတာကြောင့် စစ်ဘေးရှောင်တွေဟာ ဖြစ်သလို ရှာဖွေစားသောက်နေရပြီး အခုလို အသွားအလာကန့်သတ်လိုက်တာကြောင့် စားသောက်ရေး ပိုပြီးအခက်အခဲရှိလာတယ်လို့ မြတန်းဆောင်းဆရာတော်က မိန့်ပါတယ်။
“ဒီလိုထိန်းချုပ်လိုက်တဲ့အတွက် အဓိကပြဿနာကတော့ စားသောက်ရေးမှာ ပြဿနာရှိလာတယ်၊ အဲဒီစခန်းကို အဓိကထောက်ပံ့ပေးတာက ICRC ထောက်ပံပေးတယ်။ တစ်လကို ဆန်၊ ဆီ၊ ဆား၊ သကြား၊ ပဲ စတဲ့ပစ္စည်းတွေထောက်ပံ့ပေးတယ်၊ ဒါတွေနဲ့က အမြဲတမ်းစားသောက်နေလို့လည်း မရဘူးပေါ့၊ ပြီးရင်သူတို့ရဲ့ နေ့စဥ်လိုအပ်တဲ့ အသုံးစရိတ်တွေကိုလည်း မျှစ်ချိုးလိုက်၊ ကဒက်ဥတူးလိုက်နဲ့ အဲဒီလိုရှာဖွေပြီးတော့ ရပ်တည်နေကြတာ။ အခုတော့ လော့ဒေါင်းချထားလိုက်ပြီဆိုတော့ အပြင်ကိုမထွက်ရဘူး၊ အပြင်ကလူကလည်း အထဲမဝင်ရဘူးဆိုတော့ ရှာဖွေစားသောက်ဖို့အတွက်က ခက်ခဲသွားတော့ စားရေးသောက်ရေးကလည်း အခက်ရှိသွားတာပေါ့။”
အခုလို စစ်ဘေးရှောင်စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ထားတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါဖြစ်နေသူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
အဆိုပါစင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၇၇၅ စုရှိပြီး လူဦးရေ ၃၉၀၁ ဦးရှိပါတယ်။ ကိုဗစ်ပိုးတွေ့လူနာရှိလာပြီးနောက် စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ထားတဲ့အတွက် စားသောက်ရေးအခက်အခဲရှိနေတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကူညီထောက်ပံ့ပေးစေချင်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။