မူဆယ်မြို့တွင် ကိုဗစ်- ၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်ခက်ခဲနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာပြီး ကျန်းမာရေးဝန်ထမ်းမလုံလောက်တာနဲ့ အောက်ဆီဂျင်မရရှိတာတွေကြောင့် ရောဂါကူးပိုးစက်မှု ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ နယ်မြေခံပရဟိတအသင်းတွေဆီက သိရပါတယ်။
မူဆယ်မြို့ခံ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက “ကိုဗစ်ကတော့ ဆိုးဆိုးရွားရွားကို ပျံ့နှံ့နေပါတယ်၊ ထိန်းချုပ်ဖို့လည်းခက်နေပါတယ်။ နောက်ပြီးတော့ CDM တွေလည်းများတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း မရှိတဲ့အတွက် ပြုစုမယ့်သူလည်း တော်တော်လိုအပ်နေပါတယ်။ အောက်ဆီဂျင်လည်း တော်တော်အခက်ခဲဖြစ်နေပါတယ်” လို့ ပြောပါတယ်။
မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါခံစားနေရသူတွေဟာ ဆေးရုံကို မလာဘဲ မိမိနေအိမ်မှာ ဆေးကုသနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ရောဂါပိုး ရှိ၊ မရှိ စစ်ပြီး ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ကြိတ်ကုနေသူတွေလည်း အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုဆေးရုံတွေမှာ ပြည့်ကြပ်နေတယ်။ အဆင်က မပြေဘူး။ ကျန်းမာရေးဝန်ထမ်း မရှိဘူး၊ အောက်ဆီဂျင်လည်း မရှိဘူးဆိုတော့ အရမ်းလိုအပ်တဲ့သူမှပဲ ဆေးရုံသွားကြတယ်။”
မူဆယ်မြို့အပါအဝင် ကိုဗစ်ရောဂါခံစားနေရသူတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှုကိုတော့ တနိုင်ငံလုံးအတိုင်းအတာအရ ခံစားနေကြရတာပါ။
မူဆယ်မြို့မှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်မှာလည်း မနက် ၈ နာရီမှ ညနေ ၅ နာရီအထိသာ ပြုလုပ်နေပြီး မူဆယ်မြို့တွင်းက ရပ်ကွက်အချင်းချင်း ကူးသန်းသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားကာ မြို့လယ်လမ်းမှကြီးကသာ သွားလာခွင့်ပေးထားပါတယ်။
မူဆယ်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ ဆေးရုံတက်ရောက်သူစာရင်းမှာ ၃၉၀ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဇူလိုင် ၁၇ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၂၄,၂၃၆ ယောက်နဲ့ သေဆုံးသူ ၄,၇၆၉ ယောက်ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။