ရုရှားက မြေပြင်မှ ဝေဟင်ပစ် S-500 ဒုံးကျည်စမ်းသပ်

ရုရှားနိုင်ငံဟာ မြေပြင်မှ ဝေဟင်ပစ် S-500 ဒုံးကျည်စနစ်သစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပြီးစီးခဲ့ပြီလို့ ဇူလိုင် ၂၀ မှာ ကြေညာပါတယ်။
ဒီစနစ်ဟာ ကမ္ဘာပေါ်က အလားတူ တခြား ဘယ်စနစ်နဲ့ မဆို ပြိုင်ဘက်ကင်းတယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင်က အစောပိုင်းမှာ ရည်ညွှန်း ပြောခဲ့ဖူးပါတယ်။
S-500 ဒုံးကျည် စနစ်ကို ရုရှတောင်ပိုင်း အဲ့စ်ထရာခန်း ဒေသထဲက ကာပူစတင်ယာ သင်တန်းလေ့ကျင့်ရေးကွင်းကနေ ပစ်လွှတ်စမ်းသပ်နေပုံ ရုပ်သံကိုလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖြန့်ချိခဲ့ပါတယ်။
S-500 ဒုံးကျည်စနစ်ရဲ့ ဗျူဟာမြောက်နဲ့ နည်းပညာဆိုင်ရာ ဝိသေသ လက္ခဏာတွေကို စမ်းသပ်မှုအတွင်း အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
S-500 ဒုံးကျည်စနစ်ဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ၊ အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ခရုဇ် ဒုံးကျည်တွေနဲ့ လေယာဉ်တွေကို ပစ်မှတ်ထား ပစ်ချနိုင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။