ရုရှားတောမီး သစ်တောမြေဟက်တာ ၄၅၀၀ လောင်ကျွမ်း

ရုရှားနိုင်ငံ ယာကုတီယာဒေသမှာ တောမီးက နေရာအသစ် ၂၂ နေရာ မှာ လောင်ကျွမ်းနေလို့ ဇူလိုင် ၁၈ ရက်မှာ သစ်တောမြေဟက်တာ ၄၅၀၀ လောင်ကျွမ်းခဲ့ပြီးပြီလို့ ရုရှားအရေးပေါ် ကိစ္စရပ်များဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။
အားကောင်းပြီး မခန့်မှန်းနိုင်တဲ့ လေပြင်းတွေလည်း တိုက်ခတ်နေလို့ မီးတွေ အမြန် ကူးစက် လောင်ကျွမ်းခဲ့တဲ့အတွက် လူနေရပ်ကွက်တွေလည်း အန္တရာယ်ရှိနေပါတယ်။
ဆိုက်ဘေးရီးယားဒေသရဲ့ အမြဲအေးခဲနေတဲ့ မြေလွှာရှိရာ နေရာမှာ လောင်နေတဲ့ တောမီးတွေကြောင့် မြို့ပေါင်း ၅၁ မြို့ရဲ့ ကောင်းကင်မှာ မီးခိုးတွေ ဖုံးအုပ်နေပါတယ်။
ဂေါ်ရ်နီခရိုင်ဟာ အခြေအနေ ပိုဆိုးရွားလာနေတဲ့ နေရာတွေထဲမှာ ပါပြီး ရွာတွေနဲ့ အနားက သစ်တောတွေမှာ မီးခိုးတိမ်တွေ ဖုံးအုပ်နေပါတယ်။
အများဆုံး ခွင့်ပြုနိုင်တဲ့ လေထုအညစ်အကြေး သိပ်သည်းဆထက် ပိုပြီးကျော်နေပြီလို့ ရုရှားရဲ့ တရားဝင် ကျန်းမာရေးစောင့်ကြည့်ရေးဌာနတွေထဲက တခုက အသိပေးပါတယ်။
ဒေသတွင်း လေဆိပ်နဲ့ လေနာမြစ်အတွင်း ရေကြောင်း သွားလာရေးကို ယာယီဆိုင်းငံ့ထားတယ်လို့ အင်တာဖက်စ်သတင်းဌာနက ဖော်ပြပါတယ်။
ယေကုဇ်မြို့မှာ တောမီးက မီးခိုးတွေ ဖုံးလွှမ်းနေလို့ မြို့တော်ဝန်က ပြည်သူတွေ အိမ်ထဲမှာနေပြီး ပြတင်းပေါက်တွေကို မဖွင့်ကြဖို့ အကြံပြုထားပါတယ်။
ဒီဒေသအတွင်း မကြုံစဖူး တောမီးလောင်ရတာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ ရုရှား အစိုးရက အပြစ်တင် ထားပါတယ်။
ဆိုက်ဘေးရီးယားတောမီးက ဟက်တာ ၈ သိန်းလောက် လောင်နေလို့ ငြှိမ်းသတ်ဖို့ ဒီသီတင်းပတ် အစောပိုင်းမှာ မီးသတ်သမားတွေက ရုရှားစစ်ရဟတ်ယာဉ်တွေကို သုံးခဲ့ကြပါတယ်။ မီးသတ်သမား အယောက် ၂၂၇၀ကျော် မီးငြှိမ်းသတ်ဖို့ အလုပ်လုပ်နေကြပါတယ်။