ဟီနန်ပြည်နယ်က ရေကာတာကြီးကျိုးပေါက်နိုင်ဟု တရုတ်စစ်တပ် သတိပေး

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်ထဲက ရေကြီးမှု ဒဏ်ခံလိုက်ရတဲ့ ရေကာတာကြီးဟာ အချိန်မရွေး ကျိုးပေါက်သွားနိုင်တယ်လို့ တရုတ်စစ်တပ်က သတိပေးထားပါတယ်။
လူဦးရေ ၇ သန်းလောက် နေထိုင်နေတဲ့ လူယန်းမြို့ အနီးမှာ ရှိတဲ့ ယီဟီတန် ရေကာတာမှာ ၂၀ မီတာလောက် အက်ကြောင်း ပေါ်နေတာကြောင့် ဒေသအခြေစိုက် တရုတ်စစ်တပ်က အရေးပေါ် အစီအမံတွေကို ဆောင်ရွက်နေရပါတယ်။
အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်ကို ကိုးကားတဲ့ ဇူလိုင် ၂၂ ရက် ရိုက်တာသတင်းအရ ဟီနန် ပြည်နယ်ထဲမှာသေဆုံးသူ အနည်းဆုံး ၂၅ ယောက် ရှိနေပြီး လာမယ့်ရက်တွေအတွင်း နောက်ထပ် မိုးသည်းထန်နိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။
စက်မှုလက်မှုနဲ့ ပို့ဆောင်ရေးဒေသမြို့တော်ဖြစ်တဲ့ ကျန်းကျိုးမြို့မှာ လူ တစ်သိန်းလောက် ဘေးလွတ်ရာ ကယ်ထုတ်ထားရပြီး ပို့ဆောင်သွားလာရေးမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်။
ရေကာတာတွေ၊ ဆည်တွေမှာ ရေပမာဏဟာ စိုးရိမ်ရေမှတ်ကို ရောက်နေပါတယ်။ နောက်ထပ် သုံးရက်အတွင်း မိုးသည်းထန်နိုင်သေးတာကြောင့် တရုတ်စစ်တပ်က ကယ်ဆယ်ရေး တပ်သား ၅၇၀၀ ကို ဒေသအတွင်း စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေရပါတယ်။
ဒီနှစ်မှာ ကြုံရတဲ့ မိုးကြီးမှုဟာ နှစ်ပေါင်းတစ်ထောင်မှ တစ်ကြိမ်သာ ကြုံရတဲ့ မိုးသည်းထန်မှုမျိုး ဖြစ်တယ်လို့ အစိုးရမိုးလေဝသဌာနက ကြေညာပါတယ်။
ရေကြီးမှုဟာ တရုတ်နိုင်ငံမှာ မိုးတွင်းကာလ ကြုံရလေ့ရှိတဲ့ သဘာဝဘေးဆိုပေမဲ့ ရေကြီးမှုတွေဟာ ဒီနှစ်ပိုင်းတွေအတွင်း ပိုမိုဆိုးရွားလာနေပါတယ်။
အဓိကဖြစ်ရတဲ့ အကြောင်းတစ်ခုက ရေကာတွေ နေရာအနှံမှာ ဆောက်လုပ်တာကြောင့် မြစ်ကြောင်းတွေနဲ့ ရေစီးရေလာ ဂေဟစနစ်တွေ ပျက်ဆီးသွားတာကြောင့် ဖြစ်ပါတယ်။