သဲကုန်းမြို့နယ်၌ PDF လူငယ် ၂ ဦး လက်လုပ်ဗုံးပြုလုပ်နေစဉ် ပေါက်ကွဲ သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့အနီးက ကြို့ရပ်သာကျေးရွာမှာ ဇူလိုင် ၂၄ ရက် ည ၁၀ နာရီဝန်းကျင်က PDF လူငယ် ၂ ဦးဟာ လက်လုပ်ဗုံးပြုလုပ်စဉ် မတော်တဆ ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ညက ဖြစ်တာပါ။ ကျနော်တို့လည်း ဒီမနက်မှ သိရတာပါ။ လက်လုပ်ဗုံးလုပ်ရင်း မတော်တဆ ပေါက်သွားတာလို့ သိရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
လက်လုပ်ဗုံး ပေါက်ကွဲမှုဖြင့် သေဆုံးခဲ့သူ လူငယ် ၂ ဦးမှာ သာယာဝတီစိုက်ပျိုးရေးကျောင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရှိုင်းကိုကိုနဲ့ အရပ်သားလူငယ် ကိုတင်ကိုဝင်း တို့ဖြစ်ပါတယ်။
သေဆုံးသူ ၂ ဦးကို ညတွင်းချင်း၊ သဲကုန်းမြို့နယ် ဆင်မြီးဆွဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပြီး၊ သာယာဝတီစိုက်ပျိုးရေးကျောင်းသားသမဂ္ဂကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။