ထိုင်းနိုင်ငံရှိ အကြီးဆုံးကြက်သားစက်ရုံတွင် မြန်မာလုပ်သား ၃၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ

ထိုင်းနိုင်ငံ၊ ဖစ်ချဘွန်းခရိုင်က SAHA Farms ကြက်သားစက်ရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူတွေ ၃၄၈၁ ဦးတွေ့ရှိပြီး အဲဒီထဲမှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေက ၃၀၉၀ ပါတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါစက်ရုံကနေ ကိုဗစ်-၁၉ ကူးစက်ခံရသူကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စတင်တွေ့ရှိပြီးတဲ့နောက် ခရိုင်ဝန်က စက်ရုံပိတ်ဖို့ညွှန်ကြားထားကာ နေ့စဉ်လို အတွင်းကျကျ စစ်ဆေးခဲ့ပါတယ်။
ကိုဗစ်-၁၉ ရှိ မရှိ စစ်ဆေးဖို့ အမည်စာရင်းပေးသွင်းထားသူပေါင်း ၇၁၆၄ ဦးရှိပြီး ဇူလိုင် ၂၂ မှ ၂၅ ရက်နေ့ထိ ၄ ရက်တာကာလ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၃၄၈၁ ဦးရှိကြောင်း၊ ထိုင်းဝန်ထမ်းနဲ့ အလုပ်သမားက ၃၉၁ ဦး ပါဝင်ပြီး ရွှေ့ပြောင်းလုပ်သားက ၃၀၉၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်ရုံပြင်ပ အနီးပတ်ဝန်းကျင်ရှိ ခေါင်ကစ်ရပ်ကွက်ထဲမှာလည်း နောက်ထပ် ပိုးကူးစက်ခံထားရသူ ၈၀ ဦးကို တွေ့ရှိခဲ့ပါတယ်။ သူတို့ကိုတော့ ရပ်ကွက်လူအိုရုံနဲ့ မြို့နယ်စီမံ ခန့်ခွဲရေးရုံးမှာ နေရာချထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။
ပိုးကူးစက်ခံထားရသူအများစုမှာ ရောဂါလက္ခဏာမှမပြဘဲ စစ်ဆေးကြည့်မှ ပေါ်လာကြောင်း၊ အဆိုပါစက်ရုံမှာ စီနိုဖန်းအမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူ တွေပါ ပါဝင်တာကြောင့် ကူးစက်ခံရသူတွေထဲ ကာကွယ်ဆေးထိုးပြီးသူတွေ ထပ်မံစိစစ်ခွဲထုတ်နေကြောင်း၊ ပိုးကူးစက်ခံရသူအားလုံးကိုတော့ စက်ရုံထဲမှာ သီးသန့်နေရာချထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။
အဆိုပါ SAHA Farms စက်ရုံမှာ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းထိစပ်နေတဲ့ ဖစ်ချဘွန်းခရိုင် ဘင်ဆန်ဖန်းမြို့နယ် ဘန့်လမ်တခလော့ရပ်ကွက်ထဲမှာ တည်ရှိပြီး ကြက်သားနဲ့ပတ်သက်တဲ့ အအေးခဲအစာတွေထုတ်လုပ်ကာ အာရှမှာအကြီးဆုံးကြက်သားထုတ်လုပ်တဲ့ စက်ရုံလို့ ဆိုပါတယ်။
SAHA Farms ကြက်သားစက်ရုံကနေ အေးခဲကြက်သားတွေကို ဂျပန်၊ အင်္ဂလန်၊ ဂျာမနီ ၊ တရုတ်စတဲ့ ပြည်ပနိုင်ငံတွေဆီကို တင်ပို့ ရောင်းချနေပါတယ်။
Golden Line Business ကုမ္ပဏီအပိုင်ဖြစ်ပြီး စက်ရုံထဲမှာ လူပေါင်း ၇၂၀၀ လုပ်ကိုင်နေရာ ထိုင်းက ၂၅၈၀ ဦး၊ ရွှေ့ပြောင်းလုပ်သားက ၄၆၂၀ ဦး ရှိကြောင်း အဆိုပါရွှေ့ပြောင်းလုပ်သားတွေမှာ မြန်မာအများဆုံးဖြစ်ပါတယ်။