close

ရေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၅ ဦး ထပ်မံတွေ့ရှိ၊ ၂ ဦးသေဆုံး

မွန်ပြည်နယ်  ရေးမြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၅ ဦး ထပ်မံတွေ့ရှိပြီး  ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

ရေးမြို့မှာ ရောဂါကူးစက်နှုန်းနဲ့ သေဆုံးနှုန်း မကျသေးတဲ့အပြင် ကိုဗစ်-၁၉ လူနာတွေ တဖြည်းဖြည်း များပြားလာတာကြောင့် ဆေးဝါးတွေလည်း မလုံမလောက်ဖြစ်နေသလို ဆရာဝန်တွေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေလည်း မနိုင်မနင်းဖြစ်လာနေတယ်လို့ အမည်မဖော်လိုတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ဆေးရုံမှာ ကုသမှုခံယူရာမှာ ကျန်းမာရေးအခြေအနေကို ကြည့်ရှုစစ်ဆေးတာတွေ မလုပ်ပေးဘူးလို့ ပြန်သက်သာလာတဲ့ လူနာတစ်ဦးက ပြောပါတယ်။

“ဘယ်လိုဆေးတွေသောက်ဖို့၊ ဘယ်လိုနေထိုင်ရမလဲဆိုတာကို မသိဘူး။ မိသားစုဝင်တွေက ပို့လာတဲ့ အစားအစာတွေပဲ စားပြီး နေရတယ်။ နောက် သတ်မှတ်တဲ့ ရက်ပြည့်မှ ထပ်စစ်ဆေးပြီး ရောဂါပိုးမရှိမှ အိမ်မှာ အသွားအလာကန့်သတ်ပြီးနေရတယ်။”

ကိုဗစ်နဲ့ သေဆုံးသူအများစုက ရောဂါခံရှိတဲ့ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်ပြီး အခုလို  ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သရွေ့တော့ သေဆုံးမှုနဲ့ ရောဂါကူးစက်နိုင်ခြေ ပိုမိုများပြားလာနိုင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာတာကြောင့် စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ ကုသရေး ယာယီစင်တာဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၆၆ ဦး၊ ပြန်လည်ကောင်းမွန်ပြီး ဆေးရုံကဆင်းသူ ၈၇ ဦးနဲ့  သေဆုံးသူ ၁၈ ဦးအထိ ဖြစ်လာပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up