တူနီးရှားတွင် အစိုးရအဖွဲ့ ဖျက်သိမ်းပြီး လွှတ်တော်ကို ရပ်ဆိုင်း

တူနီးရှားနိုင်ငံအတွင်း နိုင်ငံရေးအကျပ်အတည်းတွေ မြင့်တက်လာအပြီး သမ္မတက ဇူလိုင် ၂၅ရက် မှာ အစိုးရအဖွဲ့ကို ဖျက်သိမ်းကာ လွှတ်တော်ကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါတယ်။
သမ္မတကို ထောက်ခံသူတွေက မြို့တော်ဆီကို လူအုပ်ကြီးတွေအဖြစ် တက်လာခဲ့ကြပေမဲ့ သူ့ကို ဆန့်ကျင်သူတွေကတော့ ဒီလုပ်ရပ်ဟာ အာဏာသိမ်းတာလို့ ပြောနေကြပါတယ်။
သမ္မတ ခိုက်ဆာအိကတော့ ဝန်ကြီးချုပ်အသစ်ရဲ့ အကူအညီနဲ့ အထူးအခွင့်အာဏာကို သုံးမယ်လို့ ပြောပါတယ်။ ဒါဟာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကြား အာဏာခွဲဝေပေးထားတဲ့ ဒီမိုကရက်တစ် နည်းကျအခြေခံဥပဒေအတွက် အကြီးဆုံး စိန်ခေါ်မှုလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
သမ္မတဟာ ဝန်ကြီးချုပ်နဲ့ နိုင်ငံရေးအငြင်းပွားမှုထဲမှာ တနှစ်ကျော် ကြာ ပိတ်မိ နေတာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ထပ်ခါတလဲ ရိုက်ခတ်မှုဒဏ်ကို တုံ့ပြန်ရင်း စီးပွားရေး အကျပ်အတည်း ဆိုက်နေတဲ့ တူနီးရှားဟာ ဘဏ္ဍာရေး အခြေအနေ ယိုယွင်းနေပါတယ်။
ဆာအိနဲ့ လွှတ်တော်တို့ဟာ ၂၀၁၉မှာ သီးခြားစီ ရွေးချယ်တင်မြှောက် ခံခဲ့ရတာပါ။ သမ္မတကတော့ သူ့လုပ်ရပ်တွေဟာ အခြေခံဥပဒေနဲ့ ညီတယ်လို့ ပြောပါတယ်။ လွှတ်တော် အမတ်တွေရဲ့ ကင်းလွတ်ခွင့်တွေကိုလည်း သူက ရပ်ဆိုင်းခဲ့ပါတယ်။