တိုင်ဖွန်းမုန်တိုင်း အင်ဖှာတိုက်ခတ်မှုကြောင့် တရုတ်တွင် မိုးသည်ထန်ရေဘေးသင့်

တိုင်ဖွန်းမုန်တိုင်း အင်ဖှာဟာ ဇူလိုင် ၂၆ ရက်မှာ တရုတ်နိုင်ငံ အရှေ့ပိုင်းကတဆင့် ဒုတိယအကြိမ်မြောက် ကုန်းတွင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ တရုတ်အရှေ့ပိုင်း အစိတ်အပိုင်းတွေမှာ မိုးသည်းထန်ပြီး ရေဘေးသင့်ခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ကျဲ့ကျန်းပြည်နယ်က ရေလွှမ်းခံ ဒေသတွေကနေ ပြည်သူတွေကို လှေတွေနဲ့ ရွှေ့ပြောင်းနေသလို ကျန်စုပြည်နယ်က တခြားလူတွေကိုလည်း ယာယီခိုလှုံရေးစခန်းတွေဆီ ဘေးကင်းရာ ရွှေ့ပြောင်းပေးနေပုံတွေကို အစိုးရ ရုပ်သံ စီစီတီဗီက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒီနှစ်ရဲ့ ခြောက်ခုမြောက် တိုင်ဖွန်းမုန်တိုင်း အင်ဖှာဟာ ကျဲ့ကျန်းပြည်နယ်ရဲ့ အကြီးစား ဆိပ်ကမ်းရှိရာ ကျိုးရှန်းမြို့ ပူတူအိုခရိုင်ကနေ ဇူလိုင် ၂၅ ရက်က ပထမအကြိမ် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။
အဲဒီနောက် ကမ်းရိုးတန်းကို ဖြတ်သန်းရင်း ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ ဖျင့်ဟူ ခရိုင်ကနေ ဒုတိယအကြိမ် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာလို့ တရုတ် မိုးလေဝသ စီမံခန့်ခွဲရေး ဌာနကို ကိုးကားပြီး အစိုးရ ရုပ်သံမှာ ထုတ်လွှင့်ပါတယ်။