ကိုရိုနာဗိုင်းရပ်စ် မူလဇာစ်မြစ် စုံစမ်းမည့် WHO အစီအစဉ်ကို တရုတ် ပယ်ချ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို ဒုတိယ အကြိမ် စုံစမ်းဖော်ထုတ်မယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အစီအစဉ်ကို တရုတ်အစိုးရက ဒီကနေ့ ဇူလိုင် ၂၂ ရက်မှာ ပယ်ချပါတယ်။
WHO အဖွဲ့က စုံစမ်းမယ့် ကိစ္စတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းတခုကနေ ထွက်လာသလားဆိုတဲ့ အယူအဆလည်း ပါဝင်ပါတယ်။
ဒုတိယအကြိမ် စုံစမ်းစစ်ဆေးမယ့် အစီအစဉ်နဲ့ပတ်သက်လို့ WHO က ဒီလထဲမှာ အဆိုပြုရာမှာ ဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို တရုတ်နိုင်ငံမှာ ခြေရာခံတဲ့အခါမှာ ဝူဟန်မြို့မှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေနဲ့ ဈေးတွေပါဝင်မှာ ဖြစ်ပြီး တရုတ် အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာဖို့ တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး ကော်မရှင် ဒုဝန်ကြီး ကျန်းယင်းဇင်က WHO ရဲ့အစီအစဉ်တွေကို အရင်ဆုံး ဖတ်ကြည့်လိုက်တဲ့အခါမှာ အံ့သြမိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဘာကြောင့်လဲဆိုရင် တရုတ်ဓာတ်ခွဲခန်းတခုက စည်းကမ်းနဲ့ မညီတဲ့အတွက် သုတေသနလုပ်ငန်းကနေ ဗိုင်းရပ်စ် ဖြစ်ပေါ်လာတယ်ဆိုတဲ့ အယူအဆကိုလည်း စာရင်းထဲမှာ ထည့်သွင်းထားတာကြောင့်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ အစောဆုံး ကူးစက်မှုတွေဟာ ၂၀၁၉ ဒီဇင်ဘာလလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရဲ့ သားငါး ဈေးကနေ တိရိစ္ဆာန်ကနေတဆင့် လူဆီကို ကူးစက်တာလို့ ပညာရှင်တွေက ယူဆနေကြပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်အရာရှိတွေက ဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို ခြေရာခံတဲ့အခါ တရုတ်နိုင်ငံသာမက တခြား နိုင်ငံတွေအထိ ခြေဆန့်ဖို့ တရုတ်ဘက်က တိုက်တွန်းသွားပါတယ်။