မူးယစ်စစ်ပွဲပြီးရန်အဝေးကြီးလိုသေးဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်စစ်ပွဲကပြီးဖို့ အဝေးကြီး လိုသေးတယ်လို့ သမ္မတက ရိုဒရီဂိုဒူဒါတေက ဇူလိုင် ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ကျော်က သူစတင်ခဲ့တဲ့ ရက်ရက်စက်စက်နှိမ်နင်တဲ့ မူးယစ်စစ်ပွဲအတွင်း လူထောင်ချီ သေဆုံးခဲ့ ပြီးပါပြီ။
ဒူဒါတေကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူတွေလို့ သူ စွပ်စွဲထားတဲ့လူတွေကို နှိမ်နင်းလို့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်ရခဲ့တယ်လို့ သူ့ရဲ့ သမ္မတအဖြစ် နောက်ဆုံး ပြောတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်မှု တိုးနေချိန်မှာ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်တွေကို လိုက်နာဖို့နဲ့ ကာကွယ်ဆေးထိုးကြဖို့ ပြည်သူကို ဒူဒါတေက တိုက်တွန်းပါတယ်။
နိုင်ငံဟာ နောက်ထပ် အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်တွေကို ဆက်ပြီး မတတ်နိုင်တော့ဘူးလို့ ပြောပေမယ့် လိုအပ်ရင် ပိုများတဲ့ ကန့်သတ်ချက်တွေ လာနိုင်ခြေရှိတယ်လို့လည်း ဒူဒါတေက ပြောဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာဦးရေ ၁ ဒသမ ၅၆ သန်း ရှိနေပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၂၇,၀၀၀ ရှိတာကြောင့် အရှေ့တောင်အာရှမှာ ဒုတိယ အဆိုးဆုံး ကူးစက်ခံနိုင်ငံ ဖြစ်နေပါတယ်။
ကပ်ဘေးသင့် စီးပွားရေး ပြန်နာလန်ထူဖို့ အားထုတ်နေချိန်မှာ ဒယ်လ်တာဗီဇမျိုးကွဲကို နိုင်ငံအတွင်း ထောက်လှမ်းတွေ့ရှိခဲ့တာပါ။
၂၀၁၆ မှာ သမ္မတအဖြစ် မဲနိုင်ခဲ့တဲ့ ဒူဒါတေဟာ အဂတိလိုက်စားမှု၊ ရာဇဝတ်မှုတွေနဲ့ တရားမဝင် မူးယစ်ဆေးတွေကို တိုက်ဖျက်ဖို့ ကတိပြုထားသူပါ။
မူးယစ်စစ်ပွဲအတွင်း လူအသေအပျောက် များတာနဲ့ ကပ်ဘေးတုံ့ပြန်ရေး ဝေဖန်ခံရတာတွေ ရှိနေပေမယ့် ခုချိန်ထိ သူဟာ လူကြိုက်များနေဆဲလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။