မန်ယူအသင်း ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦး ခေါ်ယူနိုင်ခဲ့ပြီဟု ဖာဒီနန် သုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦး ခေါ်ယူနိုင်ခဲ့ပြီလို့ အသင်းနောက်ခံလူဟောင်း ဖာဒီနန်က သုံးသပ်ပါတယ်။
ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်က ပြင်သစ်နောက်ခံလူ ဗာရန်းကို ပေါင် ၄၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့အပေါ် ဖာဒီနန်က ကျေနပ်အားရမှုရှိခဲ့တာပါ။
ဖာဒီနန်ဟာ သူ့ရဲ့ Youtube ချန်နယ်ကနေ Live လွှင့်ပြီး ဗာရန်းနဲ့ ပတ်သက်လို့ သုံးသပ်ခဲ့ပြီး ယူနိုက်တက်တာဝန်ရှိသူတွေအတွက် ခမ်းနားကြီးကျယ်တဲ့ခေါ် ယူမှုဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ဟာ ပါရမီထူးချွန်တဲ့ ကမ္ဘာ့အဆင့်မီ နောက်ခံလူကို ခေါ်ယူနိုင်ခဲ့တာပါ။ သူ့မှာ ဆုဖလား အောင်မြင်မှုတွေ အများကြီးရှိတယ်။ ယူနိုက်တက်ကလူတွေ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အပြောင်းအရွှေ့မှာ ယူနိုက်တက်ဟာ ဝေဖန်မှုတွေခံရပြီး ဒီအချိန်မှာ သူတို့လိုချင်တဲ့ ကစားသမားကို အမိအရ ခေါ်ယူနိုင်ခဲ့တာပါ။ ဗာရန်းအနေနဲ့ မက်ဒရစ်ကလပ်ကို ကျနော် ထွက်ခွာဖို့ လိုအပ်တယ်၊ ထွက်ခွာချင်တယ်၊ ကျနော် သွားရမယ်လို့ အတင်းအကျပ် တောင်းဆိုပြီး ပြောခဲ့မယ်လို့ ထင်တယ်။”
ယူနိုက်တက်ဟာ ဗာရန်းအတွက် ပေါင် ၃၄ သန်း လက်ငင်းပေးချေရမှာဖြစ်ပြီး ပေါင် ၈ သန်းကိုတော့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေးချေရနိုင်တယ်လို့ သိရပါတယ်။