close

မြဝတီမြို့က ရေဘေးသင့်ပြည်သူများကို စစ်ကောင်စီ မကူညီသဖြင့် ပြည်သူချင်းပြန်ကူညီ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရေဘေးသင့်ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက မညီတဲ့အတွက်   ပြည်သူအချင်းချင်းပြည်ကူညီနေကြရတယ်လို့  ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံက  သိရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းကစတင်ပြီး သောင်ရင်းမြစ်ရေကြီးမှုကြောင့် ယာယီကယ်ဆယ် ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့မိသားစုဝင်တွေကို စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေက နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ကူညီတာမရှိတဲ့အတွက် ပြည်သူက ပြည်ကို ပြန်လည်ကူညီမှုတွေ လုပ်ဆောင် ပေးနေရတာပါ။

မြဝတီမြို့ခံ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးက "စကစက ကူညီထောက်ပံ့တာ ဘာမှမရှိဘူး။ အဓိက က တပိုင်တနိုင်ကုသိုလ်ရှင်တွေပဲ စခန်းတွေစုံစမ်းပြီတော့ လိုက်လှူနေတဲ့ အဖွဲ့ပဲရှိတယ်။ ဒီ စကစက လှူနေတာဘာမှ မရှိဘူး။ ပြည်သူက ပြည်သူကို ပြန်ကူညီတာပဲ ရှိတယ် "လို့ ဆိုပါတယ်။

ယာယီကယ်ဆယ်ရေးစခန်းတွေမှာလည်း စစ်ကောင်စီတာဝန်ရှိသူတွေက ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ဆောင်ရွက်ပေးတာ မရှိသလို ကျန်းမာရေးဝန်ထမ်းတွေကို အနီးကပ်တာဝန်ချထားတာမရှိပါဘူးလို့လည်း ဆိုပါတယ်။

မြိုနယ်စစ်ကောင်စီ  တာဝန်ရှိသူတစ်ဦးက ရေဘေးသင့်ပြည်သူ့တွေရဲ့စာရင်း အသေးစိတ်သိရဖို့ လိုက်လံကောက်ယူနေတုန်းဖြစ်သလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အနီးကပ်ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

အမှတ် ၅ ရပ်ကွက်နေ ရေဘေးသင့် ပြည်သူတစ်ဦးက "အခု နေထိုင်စားသောက်ရေးက အလှူရှင်တွေ လာလှူတာစားနေရတယ်။ တာဝန်ရှိတဲ့သူတွေက လာထောက်ပံတာ ဘာတစ်ခုမှ မရှိဘူး"လို့ ဆိုပါတယ်။

နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ အမှတ် ၁၊ ၂၊ ၃နဲ့ ၅ ရပ်ကွက်က အိမ်ထောင်စုဝင် ၂၀၀၀ လောက်ဟာ ယာယီဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ အလှူရှင်တစ်ဦးရဲ့ ဟိုတယ်အဆောက်အဦ အပါအဝင် ကယ်ဆယ်ရေးစခန်း ၈ ခုမှာ ပရဟိတအသင်းတွေရဲ့အကူအညီနဲ့ ခိုလှုံနေရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up