close

မန္တလေးမြို့က စာရေးဆရာကြီး သိုက်ထွန်းသက် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

စာပေနယ်မှာ ထင်ရှားတဲ့ မန္တလေးမြို့က စာရေးဆရာတယောက်ဖြစ်တဲ့ စာရေးဆရာကြီး သိုက်ထွန်းသက်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး သမီးဖြစ်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုမျှဝေထားခဲ့တာပါ။

“ဒီနေ့ နေ့လယ် ၁၁ နာရီ ၃၅ မိနစ်မှာပဲ သူချစ်တဲ့ စာပေလောကကို စွန့်ခွာသွားခဲ့ပါပြီ။ ဖေဖေ့ကို ကိုဗစ်လက်ထဲက ကယ်ဖို့ မစွမ်းနိုင်ခဲ့တာ အားလုံးခွင့်လွှတ်ပေးကြပါ။”

စာရေးဆရာ သိုက်ထွန်းသက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

စာပေလောကမှာ ဝတ္ထုတိုတွေနဲ့ ထင်ရှားတဲ့ ဆရာသိုက်ထွန်းသက်ဟာ သင့်ဘဝ၊ တိုင်းရင်းမေ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်ပဒေသာ၊ မိုးဝေစာပေမဂ္ဂဇင်းနဲ့ သောင်းပြောင်းထွေလာ စတဲ့ မဂ္ဂဇင်းတွေမှာ  ကဗျာနဲ့ ဝတ္ထုတိုပေါင်းများစွာ ရေးသားခဲ့သူ ဖြစ်ပါတယ်။

ဆရာသိုက်ထွန်းသက်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ဂျီဩမေတြီဂေါဝိန်ဝတ္ထုတိုပေါင်း ချုပ်၊ ၂၀၀၂ ခုနှစ်မှာ သိုက်ထွန်းသက် လက်ရွေးစင်ဝတ္ထုတိုများ၊ ၂၀၀၃ ခုနှစ်မှာ ဆရာမခင်ခင်ထူးနဲ့ တွဲဖက်ပြီး မြို့ကလေးရဲ့ ကော်ဖတ်စက္ကူဝတ္ထုတိုပေါင်းချုပ်၊ ၂၀၀၆ ခုနှစ်မှာ ဒေါ်လီဂျင်နီအင်ဒီနှင့် စိန်မေလွင်တို့အကြောင်း စာပဒေသာဝတ္ထုတွဲ၊ ၂၀၁၄ ခုနှစ်မှာ သိုက်ထွန်းသက် ဝတ္ထုတိုပေါင်းချုပ် စတဲ့ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပြီး နောက်ထပ် တခြားသော စာရေးဆရာတွေနဲ့ တွဲဖက်ထုတ်ဝေတဲ့ ဝတ္ထုတိုပေါင်းချုပ်တွေ၊ စာပေအင်တာဗျူးတွေ၊ ဆောင်းပါးတွေများစွာ ရေးသားခဲ့သူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကလည်း ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားပြီး စာပေအနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up