ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ရေကြီး မြေပြိုမှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုး အကြီးအကျယ်ရွာအပြီး နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ ဇူလိုင် ၂၇ ရက်မှာ ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၆ ဦးထက်မနည်း သေဆုံးပြီး တခြားလူ အတော်များများ ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
မြေပြိုအပြီး ကုတုပါလောင် ဒုက္ခသည်စခန်းရဲ့ အစိတ်အပိုင်းတွေက အပျက်အစီးတွေကြားမှာ လူတွေက သူတို့ ပိုင်ဆိုင်သမျှကို လိုက်ရှာနေတဲ့ ရုပ်သံကိုလည်း ရိုက်တာသတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ထုတ်လွှင့်ပြသပါတယ်။
Save the Children ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရုံးခွဲက နိုင်ငံဆိုင်ရာ ညွှန်မှူး အွန်နိုဗန်မာနန်ကတော့ မိုးရေဝနေတဲ့ တောင်စောင်းက ခိုလှုံရေးစခန်း ထိပ်ပေါ်ကို ပြိုကျခဲ့လို့ ကလေး ၂ ယောက် မြေပိ သေဆုံးတယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်အယောက် ၁ သန်းနီးပါးဟာ နယ်စပ်ခရိုင် ကောက်ဘဇားက လူတွေ ကြပ်ညပ်နေတဲ့ စခန်းတွေထဲမှာ နေကြပါတယ်။
ဒီစခန်းဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။