အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ရေကြီးပြီး လူ ၁၄ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမချယ်ပရာဒေ့ရှ်ပြည်နယ်မှာ မိုးကြီးလို့ ရုတ်တရက် ရေကြီးခဲ့တဲ့အတွက် လူ ၁၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ အစိုးရအရာရှိတွေက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
ကော်လူခရိုင်ထဲမှာ ရုတ်တရက် သွန်ချသလို ရွာတဲ့မိုးကြောင့် ရေကြီးခဲ့လို့ ပါဗတီမြစ်ရဲ့ လက်တက်ဖြစ်တဲ့ ဘရာဟမ်ဂင်္ဂါ မြစ်ရေဟာ လူနေရပ်ကွက်တွေထဲ ဝင်လာခဲ့တာပါ။
ဒါကြောင့် လူတွေ သေဆုံးပြီး အိမ်တွေ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ပါတယ်။ ဂျမူးဒေသက ကစ်ရှ်သွာ ခရိုင်မှာလည်း တောင်ကျရေ တွေကြောင့် ရုတ်တရက် ရေကြီးလို့ အိမ်တွေ ပျက်စီးတဲ့အတွက် လူ ၇ ယောက်ထက် မနည်း သေဆုံးပြီး ဒါဇင်ချီတဲ့ ရွာသားတွေ ပျောက်နေတယ်လို့ ဒေသခံ မီဒီယာတွေကထုတ်လွှင့်ပါတယ်။
ရှာဖွေ ကယ်ဆယ်ရေးအတွက် စစ်တပ်နဲ့ ပြည်နယ်ကပ်ဘေးတုံ့ပြန်ရေးတပ်တို့က ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဂျိတန်ဒြာဆင်းဂ်က တွစ်တာ လူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။
ကျန်ခဲ့တဲ့သီတင်းပတ်အတွင်း အိန္ဒိယမှာ မိုးကြီးလို့ လူ အယောက် ၁၆၀ကျော် သေဆုံးခဲ့ပါတယ်။ လူဦးရေ ၁ ဒသမ ၃ဘီလီယံရှိတဲ့ အိန္ဒိယမှာ ပြည်သူ ၃ ပုံ ၂ပုံက စိုက်ပျိုးရေး လုပ်ငန်းကို မှီခိုပြီး ကျေးလက်ဒေသမှာ နေထိုင်ကြတာဖြစ်ပြီး နှစ်စဉ် မိုးရေချိန်ဟာ မရှိမဖြစ် အရေးကြီးပါတယ်။