အမေရိကန်လှူသည့် Pfizer ကိုဗစ်ကာကွယ်ဆေးများ ထိုင်းဆေးပညာရှင်များကို ဦးစားပေးထိုးနှံမည်

တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါတိုက် ဖျက်ရေးနဲ့ ဆေးဝါးကုသရေးလုပ်ငန်းစဉ်တွေအတွက် ရှေ့တန်းကနေ ရပ်တည်နေကြတဲ့ ဆေးပညာရှင်တွေကို ရက်ပေါင်း ၃၀ အတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ သိရပါ တယ်။
ထိုင်းနိုင်ငံအတွက် အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ခုသီတင်းပတ်ထဲမှာ ရောက်ရှိလာဖို့ ရှိနေပြီး ဒီဆေးတွေကို ဆေးပညာရှင်တွေကို ကနဦး ထိုးနှံ ပေးသွားမယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်တာပါ။
၀န်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဆူရာဝီဆက်ဒ်ဆက်ခ်ကတော့ ခုလို ကာကွယ်ဆေး ထိုးနှံပေးခြင်းက နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဆေးပညာရှင်တွေအနေနဲ့ ကိုယ်ခံစွမ်းအားနဲ့ ယုံကြည်မှုတွေကို မြှင့်တင် ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းခွဲဟာ ရေကြောင်းနဲ့ ထိုင်းနိုင်ငံကို ဒီကနေ့မှာ ရောက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။
ဆူရာက ဝန်ကြီးဌာနအနေနဲ့ ခရိုင် ၇၇ ခုရဲ့ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံတွေမှာ ရှေ့ တန်းက ပါဝင်ပေးနေကြတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ စာရင်းတွေ ကောက်ယူ ထားပြီးဖြစ်ကာ ဘယ်နေရာကို ဘယ်လောက်ခွဲတမ်းနဲ့ ဖြန့်ဝေသွားမယ်ဆိုတာကို အသေးစိတ်ပြန် လည်ဖြေကြား ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅ သိန်း ၆ သောင်းကျော်၊ သေဆုံးသူပေါင်း ၄,၅၀၀ ကျော် ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၄၅ နေရာမှာ ရှိနေပါတယ်။