ကိုဗစ်အရေးကိုင်တွယ်ပုံကို မကျေနပ်သဖြင့် မလေးရှား၀န်ကြီးချုပ်ကို နုတ်ထွက်ရန် တောင်းဆို

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူရဲ့ မြို့လယ်ခေါင်မှာ ဇူလိုင် ၃၁ ရက် စနေနေ့က လူအင်အား ၁၀၀ ကျော်လောက် စုဝေးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပတ်သက်လို့ အစိုးရရဲ့ကိုင်တွယ်ပုံအပေါ် မကျေနပ်မှုကို ဖော်ထုတ်ပြောဆိုကာ ၀န်ကြီးချုပ် မူဟစ်ဒင်ယက်ဆင် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အနက်ရောင်အလံတွေ ပိုစတာတွေ ကိုင်မြှောက်ပြီး ချီတက်ဆန္ဒပြကြသလို ရဲတွေကလည်း စောင့်ကြည့်နေပါတယ်။
“ငါတို့က အစိုးရကို ဆန့်ကျင်ဆန္ဒပြကြတယ်၊ ဒီအစိုးရမှာ အရည်အချင်းမပြည့်ဝဘူး၊ အမှားအယွင်းတွေပြည့်နေတယ်၊ အဲဒါကြောင့် ငါတို့လုပ်နိုင်တာ ဘာမဆိုလုပ်ဖို့ လိုအပ်တယ်”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကိုတားဆီးဖို့ ဇန်နဝါရီလက စတင်ပြီး လပေါင်းများစွာ လော့ဒေါင်း တွေချပြီး နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေရှိနေပေမယ့် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ မြင့်တက်လာမှုအပေါ် မလေးရှားလူထုရဲ့ဒေါသ ကြီးထွားလာတာပါ။
ကပ်ရောဂါကာလအတွင်း ဒေသတွင်း ရွေးကောက်ပွဲတွေကို ရပ်တန့်ဖို့ ရက်တိုးချဲ့မယ့် ဆာရာဝပ်ပြည်နယ်ကလွဲလို့ အရေးပေါ်အခြေအနေဟာ သြဂုတ်လ ၁ ရက် တနင်္ဂနွေနေ့မှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။
၀န်ကြီးချုပ်ဟာ အစိုးရရဲ့အရေးပေါ်အမိန့်တွေကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဘုရင်က ရှားရှားပါးပါး ပြစ်တင်ရှုတ်ချတာကို ခံခဲ့ရပြီးနောက်မှာ ဇူလိုင် ၂၈ ရက်က အတိုက်အခံတွေနဲ့ လက်ရှိအာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့ အကြီးဆုံးအုပ်စုကနေ သူ့ကိုရာထူးကနေဆင်းပေးဖို့ တောင်းဆိုတာကို ကြုံခဲ့ရပါတယ်။
မလေးရှားမှာ ဒီနေ့ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသူ ၁၇,၇၈၆ ကို မှတ်တမ်းသစ်တင်ခဲ့ပြီး ကူးစက်ရောဂါ စတင်ချိန်ကတည်းကစပြီး စုစုပေါင်း ၁,၁၀၃,၂၇၂ အထိရှိခဲ့ပါတယ်။