မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် စပါးတိုက်စစ်မှူး ဟာရီကိန်း တောင်းဆိုမည်

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ မန်ချက်စတာစီးတီးအသင်းဆီကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် အသင်းဥက္ကဋ္ဌဆီ တောင်းဆိုမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရေးလစ်ရှ်ကိုခေါ်ယူနိုင်ဖို့ နီး စပ်နေပြီး ဟာရီကိန်းအနေနဲ့ မန်စီးတီးမှာ ဂရေးလစ်ရှ်နဲ့ တွဲဖက်ကစားဖို့လည်း ဆန္ဒရှိနေတယ်လို့ တီလီဂရုပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
ဗီလာအသင်းဟာ လီဗာကူဆင် တိုက်စစ်ကစားသမား ဘိုင်လီကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့လို့ ဂရေးလစ်ရှ်ကို ရောင်းထုတ်ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကစားခဲ့ပြီးနောက် အားလပ်ရက်ယူနေပြီး တနင်္လာနေ့မှာ စပါးအသင်းဆီပြန်လာပြီး ကိုဗစ်စစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။ အဲဒီနောက် အနာဂတ်နဲ့ ပတ်သက်လို့ စပါးအသင်းဥက္ကဋ္ဌလီဗိုင်းနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး အသင်းပြောင်းခွင့်ရဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းမှာ ကီဗင်ဒီဘရိုင်းလို ဖန်တီးမှုစွမ်းဆောင်ရည်မြင့်မားတဲ့ ကစားသမား ရှိတာကြောင့် အဂွဲရိုး ထွက်ခွာသွားတဲ့နေရာမှာ ဟာရီကိန်းက အစားထိုးကစားဖို့ ဆန္ဒပြင်းပြနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။