ဂရိနိုင်ငံတောမီး မီးသတ်သမား အယောက် ၃၀၀ ခန့်ဖြင့် ညလုံးပေါက်ငြှိမ်းသတ်နေ

ဂရိနိုင်ငံအနောက်ပိုင်းက တောင်ကုန်းတွေပေါ်မှာ လောင်နေတဲ့ တောမီးကို မီးသတ်သမားတွေက ကြိုးစားငြှိမ်းသတ်နေပေမယ့် သြဂုတ် ၁ ရက် ညပိုင်းအထိ မီးဆက်လောင်ကျွမ်းနေပါတယ်။
မီးက ဇူလိုင် ၃၁ ရက်မှာ စတင်လောင်ကျွမ်းတာဖြစ်ပြီး ပင်လယ်ဘက်ဆီကို ကူးစက်လာနေပါတယ်။ မီးကိုထိန်းချုပ်နိုင်ဖို့ မီးသတ်သမား အယောက် ၃၀၀ နီးပါး ညလုံးပေါက် ကြိုးစားငြှိမ်းသတ် နေကြပါတယ်။
တောမီးဟာ ထင်းရှူးပင်တွေနဲ့ သံလွင်ပင်တွေကိုကို လောင်ကျွမ်းခဲ့ပြီး အိမ်တချို့နဲ့ ကမ်းခြေက ရပ်ကွက်တွေလည်း ပျက်စီးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
မီးက အေသင်မြို့တော်နဲ့ ဂရိနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ပါထရက်စ်မြို့ကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းကို ဖြတ်ပြီး လောင်ကျွမ်းခဲ့လို့ ရွာအတော်များများနဲ့ ကမ်းခြေတွေက ဒေသခံ တွေကို ဇူလိုင် ၃၁ ရက်မှာ ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။