နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ ရုံးချိန်းများ ထပ်မံရွှေ့ဆိုင်း

နေပြည်တော် သီးသန့်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ ရုံးချိန်းတွေကို စစ်ကောင်စီက ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးလုံးရဲ့ ရုံးချိန်းတွေကို ပုံမှန် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပြုလုပ်ဖို့အတွက် သီးသန့်တရားရုံးက ဆုံးဖြတ်ထားပေမယ့် လတ်တလော ရုံးပိတ် ရက်ရှည် တွေကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဖြစ်လာတာပါ။
စစ်ကောင်စီဥက္ကဋ္ဌ အာဏာသိမ်းမှု ၆ လပြည့် မိန့်ခွန်းအတွင်းမှာ ရုံးပိတ်ရက်ရှည်တွေကို တစ်ပတ်ထပ်မံတိုးမြှင့်မယ်လို့ ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုံးချိန်းကိုလည်း တစ်ပတ်ထပ်မံရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
"ခါတိုင်းတနင်္လာနေ့အမှု ၄ မှုကို ၉ ရက်နေ့၊ အင်္ဂါနေ့အမှု ၂ မှုကို ၁၀ ရက်နေ့ ချိန်းလိုက်တယ်။ အမေအပါအဝင် ၃ ဦးလုံးနဲ့ conferencing နဲ့ချိတ်ဆက်ပြီး ရုံးချိန်းပေးပြီးမှ ကျမဆီကို အကြောင်းကြားတာရှင့်" လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းတရားရုံးမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေရဲ့ ရုံးချိန်းတွေကိုတော့ တစုံတရာ သိရှိရခြင်းမရှိသေးဘူးလို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို ထိန်းချုပ်ဖို့အတွက် အကြောင်းပြပြီး ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်က စတင်ကာ ရုံးပိတ်ရက်ရှည်ပြုလုပ်ပြီး မြို့နယ်တွေမှာလည်း အသွားအလာပိတ်ပင်ထားပါတယ်။