အမေရိကန်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မည့် တောင်ကိုရီးယားကို မြောက်ကိုရီးယား သတိပေး

တောင်ကိုရီးယားဟာ အမေရိကန်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မယ်ဆိုရင် ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ ကိုရီးယားနှစ်နိုင်ငံကြား ဆုံးဖြတ်ချက်ကို ထိခိုက်စေလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမ ကင်ယိုဂျုံက သြဂုတ် ၁ ရက်မှာ ပြောပါတယ်။
ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေး ဖုန်းလိုင်း ပြန်အသက်သွင်းဖို့ လတ်တလော ဆုံးဖြတ်ချက်ဟာ ဆက်ဆံရေး ပြန်ချိတ်ဆက်တာထက် တခုခုပိုတယ်လို့ မရှု မြင်သင့်ဘူး။ ထိပ်သီးဆွေးနွေးပွဲတွေ မကြာခင် ဖြစ်လာတော့မယ်လို့ ယူဆရင် အတွေးအခေါ် မရှိတာ သက်သက်သာ ဖြစ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ဆက်ဆံရေး ပြန်စဖို့ အားထုတ်တဲ့အနေနဲ့ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီး ညီလာခံကျင်းပဖို့ ဆွေးနွေးနေချိန်မှာ သူက ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
“အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေဟာ သြဂုတ်လနှောင်းပိုင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရှိနေပါတယ်။ ကျမတို့ အစိုးရနဲ့ စစ်တပ်ဟာ တောင်ကိုရီးယားက ရန်လိုတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်မလား၊ ကြီးမားတဲ့ ဆုံးဖြတ်ချက်ချမလား ဆိုတာ နီးနီးကပ်ကပ် စောင့်ကြည့်နေမယ်။ မျှော်လင့်ချက် ရှိမလား၊ ကုန်မလား ဆိုတာ ကျမတို့အပေါ် မူတည်တာ မဟုတ်ဘူး”လို့ ကင်ယိုဂျုံက မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA ကို ပြောပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်သာ ချုပ်ပြီး ငြိမ်းချမ်းရေး စာချုပ် မချုပ်ရသေးတဲ့အတွက် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲပါ။ မနှစ်က ဇွန်လမှာ ဖြတ်တောက်ခဲ့တဲ့ အရေးပေါ် ဆက်သွယ်ရေးဖုန်းလိုင်းကို ဇူလိုင် ၂၇ မှာ ပြန်ဆက်သွယ်ထားပါတယ်။